မြင်းခြံမြို့တွင် အမျိုးသမီး ၄ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့ဟုဆို

ပုံစာ - ဖမ်းဆီးသတ်ဖြတ်ခံရသည့်အမျိုးသမီးလေးဦး။ / Photo စစ်တပ်

ပုံစာ – ဖမ်းဆီးသတ်ဖြတ်ခံရသည့်အမျိုးသမီးလေးဦး။ / Photo စစ်တပ်

007

(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွင်းဘို့ကျေးရွာသူ အမျိုးသမီးလေးဦးကို စစ်ကောင်စီတပ်က နေအိမ်အတွင်း ၀င်ရောက်ဖမ်းဆီးပြီး၊ လမ်းဘေး၌သတ်ဖြတ်ကာ အလောင်းများအား စွန့်ပစ်ထားခဲ့သည့်ဖြစ်စဉ်တခု ဇန်နဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အဲဒီနေ့ညက သူတို့ရွာ၀င်စီးခံရတယ်၊ ပြည်သူ့စစ်နဲ့စကစ(စစ်ကောင်စီ)စစ်သားတွေ အင်အားအများကြီးနဲ့ ၀င်စီးတာလို့ပြောတယ်၊ မနက်ကျတော့ ဒေါ်ညွန့်မေအပါအ၀င် လေးယောက်ပျောက်နေလို့ ရှာကြတယ်တဲ့၊ နေမွန်းတည့်ခါနီးလောက်မှ ဓူဝံရွာနားမှာပြန်တွေ့တာလို့ ပြောတယ်၊ စစ်တပ်ကသတ်သွားတာပါ” ဟု အခင်းဖြစ်စဉ်သိရှိခဲ့ကြသူများ၏ ပြောပြချက်အရ ဒေသခံတဦးကပြောသည်။

အခင်းဖြစ်နေ့ ည ၁၀ နာရီ၀န်းကျင်အချိန်ခန့်က ပြည်သူ့စစ်(ခေါ်)ပျူစောထီးများပါ၀င်သော အင်အား ၂၀ ခန့်ရှိသည့်စစ်ကောင်စီတပ်သည် တူရွင်းဘို့ကျေးရွာသို့စီးနင်း၀င်ရောက်လာပြီး ဒေါ်ညွန့်မေ(အသက် ၆၀ နှစ်)အပါ အ၀င် အမျိုးသမီးလေးဦးတို့၏ နေအိမ်အသီးသီးသို့၀င်ရောက်ကာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း နောက်တနေ့နံနက်တွင် ၎င်းတို့ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေရာမှ မြင်းခြံ-နဘူးအိုင် ကားလမ်းဘေး ဓူဝံကျေးရွာအနီးတွင် သေဆုံးအလောင်းများအား ပြန်တွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အမျိုးသမီးလေးဦးသည် ဒေါ်ညွန့်မေ(အသက် ၆၀ နှစ်)၊ ဒေါ်ခင်ဆွေ၀င်း (အသက် ၄၃ နှစ်)၊ မဇင်မာတင်(အသက် ၂၈ နှစ်)နှင့် မအိမေဂျာ(အသက် ၂၅ နှစ်)တို့ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တပ်၏ဝါဒဖြန့်ချိရေးမီဒီယာများတွင် သေဆုံးသူများသည် NLD ပါတီ၀င်များဖြစ်ပြီး၊ လက်နက်ကိုင်အဖွဲ့(မူရင်းတွင် အကြမ်းဖက်သမားများဟုရေးသားထား)များက သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။

ဒေသခံများကမူ စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်အလောင်းစွန့်ပစ်ခဲ့ကြခြင်းသာဖြစ်သည်ဟု အခိုင်အမာဆိုကြသည်။

“အဲဒီနေ့ညက ရွာကို၀င်စီးတာ စကစတွေပါ၊ သူတို့ပဲဖမ်းခေါ်သွားပြီး သူတို့ကိုယ်တိုင် သတ်ပစ်ခဲ့တာပါ” ဟု ဒေသခံတဦးကပြောသည်။

မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း ဆယ်ကျော်သက်လူငယ် သုံးဦး အပါအ၀င် အမျိုးသားခြောက်ဦးကို စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် တခုဖြစ်ပွားခဲ့ဖူးသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍လည်း၊ သေဆုံးသူများအား PDF ကသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း စစ်တပ်ဝါဒ ဖြန့်သတင်းများက ဖော်ပြကြပြီး၊ ဒေသခံများကမူ လူငယ်သဘာဝမြို့တက် ပျော်ပါးကြရင်း စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

စာတည်း – သန့်ဇော်(သန်လျင်)