ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီအလောင်း ၅၀ နှင့် လက်နက်များ သိမ်းဆည်းရရှိဟုဆို

ဂျူချန်း၊ ရွှေနွယ်

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ဆီဆိုင်မြို့တွင် ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာမှ စစ်ကောင်စီတပ်၏ ရုပ်အလောင်း ၅၀ ခန့်နှင့် လက်နက် ၅၀ ခန့်ကို သိမ်းဆည်းရရှိသည်ဟု PNLA က ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့က PNLA မှ ဆီဆိုင်မြို့နယ်တွင် လုံခြုံရေးဆိုင်ရာကိစ္စကို ဆောင်ရွက်နေစဉ် စစ်ကောင်စီတပ်နှင့် မြို့မြောက်ဘက်တနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဖော်ပြသည်။

” ဆီဆိုင်မြို့အနီး ဆိုက်ခေါင်မှာ မနက် ၇ ကနေ နေခင်း ၂ နာရီအထိ တိုက်ပွဲဖြစ်တယ် ၊ ညနေ တကြိမ်ထပ်ဖြစ်တယ်” ဟု PNLA ၏ ဗိုလ်ကြီး ခွန်တီးလားမှ မဇ္ဈိမကိုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ပြည်သူ့စစ်များလည်းပါဝင်သည်ဟု သတင်းရင်းမြစ်ကဆိုသည်။ ထို့နောက် အဆိုပါနေရာမှ အလောင်းနှင့် လက်နက်များကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသော်လည်း သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းအများအစားများကိုမူ အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။

အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူအရေအတွက်၊ သေဆုံးသူတို့၏ အချက်အလက်များနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်ရှိတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)အနေဖြင့် ပအိုဝ်းဒေသတွင်းရှိ ပြည်သူများ လွတ်လပ်လုံခြုံစွာ သွားလာနေထိုင်နိုင်ရန် လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ယမန်နေ့ညတွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်သော ပအိုဝ်းတို့အထွတ်အမြတ်ထားရာ လွယ်ထွဲဘုန်းတော်ကြီးကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဘုန်းကြီးကျောင်းပျက်စီးခဲ့ရသည်ဟု PNLA ထုတ်ပြန်ချက်က ဆိုသည်။

ထိုကဲ့သို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်နေမှုများကြောင့် ပြည်သူများအနေဖြင့် မလိုလားအပ်သော ထိခိုက်မှုများမဖြစ်စေရန် ဆီဆိုင်မြို့အတွင်းသို့ ဝင်ရောက်ခြင်း နေအိမ်ပြန်ကြည့်ခြင်း ပစ္စည်းများပြန်သယ်ခြင်းများ မပြုလုပ်ကြသေးရန်နှင့် လုံခြုံဘေးကင်းသည့် နေရာများတွင် ခေတ္တခိုလှုံနေထိုင်ကြရန် PNLA မှ တိုက်တွန်းသည်။

ဆီဆိုင်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ညနေပိုင်းတွင် PNLA နဲ့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်၊ ရှမ်းတောင်တော်လှန်ရေးတပ်ပေါင်းစုတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဆီဆိုင်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၄၂၄)၊ ခမရ(၄၂၃)နှင့် ရဲစခန်းများကို သိမ်းပိုက်ရရှိခဲ့ကာ ဆီဆိုင်မြို့ကို PNLA နှင့် ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားခြင်းဖြစ်သည်။

ယခုဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများသည် လူမျိုးရေး ပဋိပက္ခမဟုတ်ဘဲ စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသည့် လူတစုနှင့် တပြည်လုံးက အဖိနှိပ်ခံတိုင်းရင်းသားပြည်သူတွေအကြား ဖြစ်ပွားနေသည့် ပဋိပက္ခသာဖြစ်သောကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသည်အထိ ဘဝတူ ညီနောင်မဟာမိတ်တပ်များနှင့် လက်တွဲသွားမည်ဖြစ်ကြောင်း PNLO က ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

PNLO/PNLA သည် အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်( NCA ) လက်မှတ်ရေးထိုးထားသည့် အဖွဲ့တခုဖြစ်ပြီး စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီ (NSPNC) နှင့် တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်လည်း ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)