နေပြည်တော်သင်္ကြန်အတွက် လုံခြုံရေးတင်းကျပ်ပြီး စစ်ကောင်စီပြင်ဆင်

Photo - နေပြည်‌တော်၌ လမ်း​လျှောက်သင်္ကြန်အတွက် ပြင်ဆင်​နေမှုများအား ယ​နေ့ ဧပြီလ ၉ရက်​နေ့က ​တွေ့ရစဉ်

001
မဇ္ဈိမ။ ။ နေပြည်တော်တွင်ကျင်းပမည့် သင်္ကြန်ပွဲအတွက် စစ်ကောင်စီက မြို့တော်ခန်းမရှေ့နှင့် ပျဉ်းမနား-တောင်ညိုလမ်းမပေါ်တွင် လုံခြုံရေးတင်းကျပ်ပြီး ရေကစားမဏ္ဍပ်များဆောက်လုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။
မြို့တော်ခန်းမ မရောက်မီ ရေပန်းဉယျာဉ်အရှေ့မှစပြီး စည်ပင်ဧည့်ရိပ်သာအနီးမီးပွိုင့်နားအထိ လုံခြုံရေးကင်းတဲများဆောက်လုပ်ထားပြီး စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေသည်ကို ယ​နေ့ ဧပြီလ ၉ ရက်​နေ့တွင် ​တွေ့ရသည်။
စစ်ကောင်စီက ပျဉ်းမနား – တောင်ညိုလမ်းမပေါ်တွင် နေပြည်တော်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံနားအထိ ယခင်နှစ်များနည်းတူလမ်းလျှောက်သင်္ကြန် ပြုလုပ်သွားရန် စီစဥ်​နေခြင်းဖြစ်သည်။
သင်္ကြန်ပွဲအတွက် ကပြဖျော်ဖြေရန် ဌာနဆိုင်ရာဝန်ထမ်းများအား ညွှန်ကြားထားပြီး ယခုနှစ်သင်္ကြန်ပွဲအတွက် လုံခြုံရေးစိတ်ပူကြောင်း နေပြည်တော်မှ ဝန်ထမ်းတဦးကပြောသည်။
” အကတိုက်ခိုင်းနေပြီ။ရုံးစာနဲ့ ညွှန်ကြားချက်ရောက်လို့ မဖြစ်မနေ ဝင်ကရမှာ။ အိမ်ကတော့ စိတ်ပူတယ်။ ကိုယ်တိုင်လည်း မလိုက်ချင်ဘဲ လိုက်ရတာ” ဟု အဆိုပါ ဝန်ထမ်းကဆိုသည်။
နေပြည်တော်တွင် ပျဉ်းမနား – တောင်ညိုလမ်းမပေါ်၌သာ သင်္ကြန်အတွက်ပြင်ဆင်မှုပြုလုပ်နေပြီး ကျန်သည့် နေရာများတွင် သိသိသာသာ ပြင်ဆင်မှုများမတွေ့ရကြောင်း မြို့ခံများကပြောသည်။
နေပြည်တော်မြို့ခံတဦးကမူ လက်ရှိတွင် စားဝတ်နေရေးနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုများကြား လုံးပန်းနေရသည့်အတွက် စစ်ကောင်စီ၏ သင်္ကြန်ကို စိတ်မဝင်စားဟု ဆိုသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့တွင်လည်း စစ်အာဏာမသိမ်းခင်က လမ်းလျှောက်သင်္ကြန်များဖြင့် စည်ကားခဲ့သော်လည်း အာဏာသိမ်းပြီးနောက် လမ်းလျှောက်သင်္ကြန်များ ပြုလုပ်ခြင်းမရှိတော့ပေ။
နေပြည်တော်၊ဉတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်တွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ရပ်ကွက်ထဲရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများကို အစည်းအဝေးခေါ်ယူပြီး ငွေကြေးကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။
ပျဥ်းမနား-​တောင်ညိုလမ်းမ​ပေါ်တွင် ယခုနှစ် ပြုလုပ်မည့် လမ်းလျှောက်သင်္ကြန်တွင် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များနှင့် ရုရှားနိုင်ငံ Tavrida-Artမှ ပင်တိုင်အမျိုးသမီးတေးသံရှင် Nika Dubik ဦးဆောင်ပါဝင်သည့်အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောထားသည်။မည်သည့် K-POPအဖွဲ့ လာရောက်မည်ကိုထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။
အဆိုပါ လမ်းလျှောက်သင်္ကြန်တွင် ရုရှားနိုင်ငံသံရုံးမှ မဏ္ဍပ်တခုလည်း ပါဝင်မည်ဖြစ်ပြီး မြန်မာတရုတ်ချစ်ကြည်ရေးအသင်းကလည်း ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။
စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်က နေပြည်​တော် မြို့​တော်ခန်းမ​ရှေ့တွင်မဏ္ဍပ်​ဆောက်လုပ်ခဲ့​သော်လည်း ဧပြီလ အ​​စောပိုင်းတွင်ပင် ပြန်လည်ဖျက်သိမ်းခဲ့သည်။ ထိုနှစ်က သင်္ကြန်လည်ပတ်သူများလည်း မရှိခဲ့​​ပေ။ ၂၀၂၂ ခုနှစ်တွင် ​ဆောက်လုပ်ခဲ့သည့် ​နေပြည်​တော်မြို့​တော်ဝန်မဏ္ဍပ်​ရှေ့တွင်လည်း ​ရေကစားသူအနည်းငယ်သာရှိခဲ့​သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သင်္ကြန်ကာလတွင်လည်း ရပ်ကွက်များတွင် ​က​လေးငယ်အချို့သာ ​ရေကစားခဲ့ကြပြီး လမ်းမများ​ပေါ်တွင်လည်း ​ရေပက်ခံထွက်သည့် ကား၊ ဆိုင်ကယ်များမှာ အာဏာမသိမ်းခင်ကာလကထက် သိသိသာသာ နည်းပါးခဲ့သည်။ စစ်‌ကောင်စီကမူ ၂၀၂၃ ခုနှစ် လမ်းလျှောက်သင်္ကြန်စည်ကားကြောင်း ၎င်းတို့ထိန်းချုပ်ထားသည့် သတင်းမီဒီယာများတွင်ထုတ်လွှင့်ခဲ့သည်။ ယခု နှစ်၂၀၂၄ ခုနှစ် သင်္ကြန်ကာလသည် လာမည့် ဧပြီလ ၁၃ရက်တွင် စတင်ပြီး ဧပြီလ ၁၆ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

စာတည်း – အေးချမ်း