ကနီမြို့နယ်တွင် ကြားကာလစာသင်ကျောင်း ပညာရေးစုံညီပွဲကျင်းပ

ပုံအညွှန်း- စုံညီပွဲတော်အတွင်း ကျောင်းသား၊ ကျောင်းသူများ၊ ပုံ- လွှမ်းမိုး

ပုံအညွှန်း- စုံညီပွဲတော်အတွင်း ကျောင်းသား၊ ကျောင်းသူများ၊ ပုံ- လွှမ်းမိုး

လွှမ်းမိုး

(မဇ္စျိမ) ။     ။ စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကြားကာလပညာသင်ကြားရေးစာသင်ကျောင်းတကျောင်းတွင် ယနေ့ ဇန်နဝါရီ ၃၁ ရက်နံနက်ပိုင်းက ပညာရေးစုံညီပွဲကျင်းပခဲ့သည်။

အဆိုပါ စာသင်ကျောင်းတွင် KG တန်းမှ အထက်တန်းအထိ ကျောင်းသား၊ကျောင်းသူဦးရေ ၃၅၀ ခန့်ရှိပြီး CDM ဆရာ၊ဆရာမ ၃၂ ဦးက စာ သင်ကြားပေးနေကြောင်း သိရသည်။

ယနေ့ကျင်းပသည့် ပညာရေးစုံညီပွဲတွင် ဆုရကျောင်းသား၊ကျောင်းသူများကို ဆုချီးမြှင့်ခြင်းနှင့် ပွဲတက်ဧည့်သည်များကို ကျောင်းသူ ၊ ကျောင်းသားများက ဧည့်ခံဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်သည်။

ကနီမြို့နယ်တွင် ပြည်သူ့အခြေပြုစာသင်ကျောင်း ၁၆၀ ခန့်ရှိပြီး ကျောင်းသား ၊ ကျောင်းသူဦးရေ ၂၅,၀၀၀ ခန့်နှင့် ဆရာ၊ ဆရာမ ၂,၅၀၀ ခန့်ရှိကြောင်း ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။

ပညာရေးစုံညီပွဲကို ကျောင်းများအားလုံး၌ ပြုလုပ်နိုင်ခြင်းမရှိဘဲ လုံခြုံရေးအခြေအနေစိတ်ချရသည့်ရွာများမှ ကျောင်းအချို့သာ ပြုလုပ်ခြင်းဟု ကနီမြို့မှကျောင်းဆရာမတဦးကပြောသည်။

ကနီမြို့နယ်သည် စစ်အာဏာရှင်တော်လှန်ဆန့်ကျင်ရေးတွင်ထင်ရှားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့များက ဒေသတွင်းအုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့ကို ဝိုင်းဝန်းအကောင်အထည်ဖော်နေကြသည်။

စာတည်း-အေးချမ်း