နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၃၁ဇန်နဝါရီ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • စစ်အာဏာသိမ်းထားခြင်းကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏  နိုင်ငံရေးတွင် ပါဝင်နေခြင်းကို အဆုံး သတ်ရန် အပါအဝင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်စသည့် တော်လှန်ရေး အဖွဲ့များ၏  ဦးတည်ချက်များ ကို မြန်မာစစ်တပ်တာဝန်ရှိသူများ လက်ခံလာလျှင် ဆွေးနွေးမှုများလုပ်ဆောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။ 
  • တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ ကျောက်ထုစစ်ဆင်ရေးခြေကုတ်စခန်း သိမ်းတိုက်ပွဲအတွင်း ရန်သူတပ်သား ၁၆ ဦးကိုသုတ်သင် နိုင်ခဲ့ပြီး၊ ထွက်ပြေးသူ ၉ ဦးကို စစ်သုံ့ပန်းအဖြစ်အရှင်ဖမ်းဆီးရမိခဲ့ကြောင်း တနင်္သာရီတိုင်း စစ်ဌာန-ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။ 
  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် နွေဦးတော်လှန်ရေး အမြန်ဆုံး အောင် မြင်ရေးအတွက် ကရင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် အခြားသော တော်လှန်ရေး အဖွဲ့အစည်း များအားလုံးနှင့် အတူ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်ဆောင်ရွက် သွားနိုင်ရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကရင်အမျိုးသားတော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ 
  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကျောက်ထု စစ်ဆင်ရေး ခြေကုတ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့်အတူ ဒေါင်းညီနောင်စစ်ကြောင်း (သရက်ချောင်းမြို့နယ် ပကဖ)က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က ယနေ့နံနက်ပိုင်းက ကိုရီးယားနိုင်ငံကို ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန် ထားသည်။ 
  • စစ်အာဏာသိမ်းမှုကို အပြီးသတ်ဖယ်ရှားပြီးသ်ည့်အခါ ဖက်ဒရယ်အဆင့်အတွက် အသွင် ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နှင့် အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရများဖွဲ့စည်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နှစ်ရက်ဆက်တိုက် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ငါးဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း ရေစကြို မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီလ ၃၀ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။ 
  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွင်းဘို့ကျေးရွာသူ အမျိုးသမီးလေးဦးကို စစ်ကောင်စီတပ်က နေအိမ်အတွင်း ၀င်ရောက်ဖမ်းဆီးပြီး၊ လမ်းဘေး၌သတ်ဖြတ်ကာ အလောင်းများအား စွန့်ပစ် ထားခဲ့သည့်ဖြစ်စဉ်တခု ဇန်နဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
  • မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂) ရပ်ကွက်၌ စစ်​​ကောင်စီအတွက် သန်းခေါ င်စာရင်းကော က်ပေးနေသည့် ရာအိမ်မှူး နှင့် အဖွဲ့ ရုံးအတွင်းဝင်ရောက် ပစ်ခတ်ခံရပြီး ရာအိမ်မှူး တစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။ 
  • မုံရွာမြို့ ၊ကျောက္ကာလမ်းမထက်တွင် ယနေ့ (ဇန်နဝါရီ ၃၁) နံနက်အစောပိုင်း၌ အညာပစ်တိုင်းထောင် လေးများအဖွဲ့မှ လူငယ်များ ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦး ​ပြောက်ကျား သပိတ် ပြုလုပ်ခဲ့ကြသည်။ 
  •  

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်လက်နက်ကိုင်အဖွဲ့အများ အားလုံး ပြန်လည် ပေါင်းစည်းကြရန် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယနေ့ (ဇန်နဝါရီ ၃၁) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ပြောကြားသည့် မိန့်ခွန်းတွင် တိုက်တွန်း ပြောဆိုလိုက်သည်။ 
  • တရုတ်အစိုးရနှင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည့် UWSA အရာရှိဟောင်း နှစ်ဦးဖြစ်သူ ချန်ရန်ပန်(ခ)ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်(ခေါ်) အိုက်ဟော် တို့ကို UWSP “ဝ” ပြည်နယ်ရဲတပ်ဖွဲ့မှ ထပ်မံဝရမ်းထုတ်ကြောင်း ဇန်နဝါရီ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 
  • ရခိုင်ပြည်နယ်တွင် ရခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ကျောက်တော်မြို့အ‌ခြေစိုက် ခမရ (၃၇၄) တပ်ရင်းတခုလုံးအား သိမ်းပိုက်ပြီး ကျောက်တော်၊ မင်းပြား၊ ‌မြောက်ဦးရှိ စစ်စခန်းများ တခုမကျန် သိမ်းပိုက်‌ရေး လုပ်‌ဆောင် နေဟု AA ကထုတ်ပြန်သည်။ 
  • ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က ဆီဆိုင်မြို့ နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ အလောင်းများစွာနှင့် လက်နက်ခဲ ယမ်းများစွာ သိမ်းဆည်းရရှိခဲ့ဟု PNLAက ယနေ့ သတင်းထုတ်ပြန်သည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီး ငယ်မျိုးစုံ အလက် ၃၀၀ ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းဆည်းရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ 

စစ်ကောင်စီ 

  • စစ်ကောင်စီမှ ကာလုံ အစည်းအဝေးခေါ်ရန် နာရီပိုင်းသာ လိုတော့သည့်အချိန်တွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင် ဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေတစ်ရပ် ထုတ်ပြန်လာသည်ကို တွေ့ရသည်။ 
  • နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်လျှောက်ထားရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာ စည်းရုံးမယ့် နိုင်ငံရေးပါတီများအတွက် ပါတီဝင်ဦးရေကို ထက်ဝက်ခန့်လျော့ချသတ်မှတ်လိုက်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 
  • အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့် ဒေသဦးစီးအဖွဲ့ဉက္ကဌဟောင်း ပယ်ဆောက်ချိန်အပါအဝင် ၁၀ ဦးကို စစ်ကောင်စီက ယနေ့ ဇန်နဝါရီ လ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ လွှဲပြောင်းပေးခဲ့ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။ 
  • နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်သည့် မနိုဘယ်အေးကို ဇန်နဝါရီ ၂၉ ရက်၊ ည ၁၁ နာရီအချိန်မှာ ပဲခူးတိုင်း၊ ဝေါ မြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည်ဟု မိသားစုဝင်တဦးက မဇ္ဈိမ ကို ပြောသည်။ 
  • မန္တလေးနှင့် မုံရွာမြို့များတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ပြုလုပ်မည့် အသံတိတ်သပိတ်ပျက်စေရန် ရည်ရွယ်၍ စစ်ကောင်စီက အခမ်းအနားများ ပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများ၏ ပြောကြား ချက်ကို ကိုးကား၍ People’s Spring သတင်းတွင် ဖော်ပြထားသည်။ 
  • ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၆၅၀၀ ကျော် ဖန်တီးပေးနိုင်မည်ဟုဆိုကာ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃၉၉ သန်းတန်ဖိုးရှိသည့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းသစ် ၈ ခုကို ခွင့်ပြုပေးခဲ့ကြောင်း စစ်ကောင်စီ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီကနေ သိရသည်။ 

ဇန်နဝါရီ ၃၁ သုံးသပ်ချက် 

  • အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုက် ဦးဆောင်သည့် စစ်အုပ်စုသည် ၎င်းတို့အလိုကျ စေခိုင်းမှုများ ပြုလုပ်နိုင်ရန် နိုင်ငံအနှံ့ပြည်သူ့စစ်များ မွေးမြူထားပြီး ယင်းပြည်သူ့စစ်များ၏ ကျူးလွန်သည့် ဒုစရိုက်မှုများကို မျက်ကွယ်ပြုထားသည်။သို့ရာတွင် စစ်အုပ်စုသည် ၎င်းတို့ အကျိုးစီးပွား ထိခိုက်လာချိန်တွင် ယင်းပြည်သူ့စစ်များကို အလွယ်တကူ ထိုးကျွေးနင်းခြေသ ည်ကိုလည်း တွေ့မြင်ရသည်။ 
  • စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စစ်တပ်အလိုကျရေးစွဲထားသည့် အခြေခံဥပဒေကိုပါအကြောင်း အရာများကို တောင် မလိမ့်တပတ်လုပ်၍ အာဏာကို မတရားလုယူထားရာ ယင်းအကြောင်း ပြချက်သည်လည်း ဆက်လက် သုံးစွဲ၍ မရတော့သည့် အဆုံး အတုယောင်ရွေးကောက်ပွဲပြုလုပ်၍ အာဏာဆက်လက်ရယူရန် ကြံစည်းထား သည်။သို့သော် လက်ရှိ ပြည်သူလူထူက အာဏာသိမ်း စစ်တပ်ကို ခုခံတွန်းလှန်စစ်ဆင်နွဲနေ၍ တော်လှန်ရေး အရှိန်မြင့်တက်နေချိန် စစ်တပ်ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသည့် အချက်တော်တော်များများကို စစ်အာဏာသိမ်းထောက်ခံသည့် နိုင်ငံရေးပါတီအများစုသည် ပြည့်မီအောင်မဆောင်ရွက်နိုင်၍ အရေးပေါ် နိုင်ငံရေး ပါတီများ မှတ်ပုံတင် ဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေတစ်ရပ် ထုတ်ပြန်သည်အထိ စစ်အုပ်စု၏ တပ်ပျက် နေမှုများ ကို မြင်တွေ့နေရသည်။