နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၂၄ဖေဖော်ဝါရီ၂၀၂၄) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် သတင်းသမား ၆၂ ဦးကို အမြန်ဆုံး လွှတ်ပေးရေးအတွက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က တောင်းဆိုလိုက်သည်။ 
  • မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ် ၊ ဖောင်ချဉ်းကျေးရွာ အနီးတွင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ တပ် စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ခုနစ်ဦး သေဆုံးခဲ့ ကြောင်း မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက ထုတ်ပြန်သည်။ 
  • မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် တစ်အိမ် တက်ဆင်း PDF ရှိ၊မရှိ လိုက်ရှာနေသည့် စစ် ကောင်စီတပ်အား PDFများက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ 
  • ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံထံက သိရသည်။ 
  • ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့မနက်တွင် ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။ 
  • စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်ရှိ ကံထူးမကျေးရွာစခန်းသိမ်းတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ 
  • မြန်မာနိုင်ငံတွင် မုဒိန်းကျင့်သတ်ဖြတ်မှု အပါအဝင် စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် ၆ လအတွင်း အမျိုး သမီး ၇၀၈ ဦးသေဆုံးခဲ့ဟု မြန်မာအမျိုးသမီးသမဂ္ဂက အစီရင်ခံ ထုတ်ပြန်သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ဖေဖော်ဝါရီလ ၂၃ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်လိုက်သည်။ 
  • ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် အကြမ်းဖက်စစ်တပ်၏ မောင်တောမြို့က ရန်အောင်ပြင် ကင်းစခန်းကို ယမန်နေ့ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က အသိပေး ထုတ်ပြန်သည်။ 
  • ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ ဗျုဟာ၊ စခန်း တို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ရခိုင့် တပ်တော် AA က ပုဏ္ဍားကျွန်းနှင့် မင်းပြားတို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးခံတပ်များကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မောင်တောမြို့ ရန်အောင်ပြင်ကင်း စခန်းကို နာရီပိုင်းအတွင်း သိမ်းယူလိုက်သည်။ 
  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အောင်သာယာကျေးရွာအနီးတွင် ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့( CNDF) ဒုဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး နှင့် အမျိုးသမီးရဲဘော်အပါ သုံးဦးကို စစ်ကောင်စီ တပ်က ဖမ်းဆီးသတ်ဖြတ်သွားကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းထံက သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်အနောက်တောင်ဘက်ရှိ စစ်ကောင်စီတပ်စွဲထားသော စက္ကန့်ကျေး ရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(CNDF)ထံမှ သိရသည်။ 

စစ်ကောင်စီ 

  • ရှမ်းပြည်နယ် တာချီလိတ်ရှိ တရားမဝင် Online လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ် လည်မှုများ ပြုလုပ်နေသူ အယောက် ၇၀၀ ခန့်ကို ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန်သည်။ 
  • အွန်လိုင်းကနေ အတိုးနှုန်းမြင့်မားစွာနှင့် ချေးငွေပေးပြီးနောက် ခြိမ်းခြောက်ငွေ တောင်းသည့် Mashala Tech CO.,Ltd အမည်ရှိ Online ချေးငွေလုပ်ငန်းကို ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။ 
  • မလေးရှားနိုင်ငံ ရေပိုက်နက်ကို မူးယစ်ဆေးဝါးများ သယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေကျပ် ၄၅ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)နှင့် လက်နက်/ခဲယမ်းများ၊ ထိန်းချုပ် ဓာတုပစ္စည်းများနှင့် အတူ ဖော်ထုတ် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။ 
  • AA နှင့်  ARSA အဖွဲ့ပေါင်းပြီး  စိတ်ကြွရူးသွပ်ဆေးပြားများ၊ WY ဆေးပြားများ၊ ICE မူးယစ်ဆေးဝါးများကို  ရခိုင်ပြည်နယ်ထဲအထိ သွင်းယူလာတာဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ခေါင်းဆောင် ဇော်မင်းထွန်းကပြောဆိုသည်။ 
  • ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော်(အထီး)ကလေး (၁)စီးအား ယနေ့နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့်ရှိပြီးမိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။ 

ဖေဖော်ဝါရီ ၂၄ သုံးသပ်ချက် 

  • အုပ်ချုပ်သူတစ်ယောက်လက်ထက်တွင် ဆင်ဖြူပေါ်ရင် မင်းကောင်းမင်းမြတ်ဟု ပဒေသရာဇ် လက်ထက် က ပုဏ္ဏားများ မြောက်ပင့်ပြောဆိုထားသည့် ဆိုရိုးစကားအတိုင်း မြန်မာနိုင်ငံတွင် စစ်အာဏာရှင် အဆက်ဆက်လက်ထက်တွင် ဆင်ဖြူတစ်ကောင်ပြီးတစ်ကောင် ပေါ်လာခဲ့ ဖူးသည် ။ယခုလည်း မင်းအောင်လှိုင် က နိုင်ငံအာဏာကို လုယူပြီးကတည်းက ဆင်ဖြူများတစ်ကောင်ပြီး တစ်ကောင်ပေါ် လာသည်ဟု ဝါဒဖြန့်သတင်းစာများတွင် ထည့်သွင်းကာ လူသတ်အကြမ်းဖက် ရွာမီးရှို့နေသည့် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို  မင်းကောင်းမင်းမြတ်သဖွယ် ဝါဒဖြန့်ကာ ပြည်သူများကို လှည့်ဖြားနေခြင်းဖြစ်သည်။