စစ်ကောင်စီခန့် UEC ဥက္ကဌ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ရာထူးနေရာအချို့လူပြောင်း

001

(မဇ္စျိမ)။ ။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဌ အဖြစ် ခန့်အပ်ခဲ့သည့် ဦးသိန်းစိုးအပါအဝင် ကျန်ရာထူးနေရာအချို့တွင် အပြောင်းအလဲများ ပြုလုပ်ကြောင်းကို စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

အာဏာသိမ်းကာလ သုံးနှစ်ပြည့်ရန် တရက်အလို ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နေပြည်တော်တွင် ကာ၊ လုံအစည်းအဝေးခေါ်၍ အရေးပေါ်ကာလ ‌ခြောက်လ ထပ်မံသက်တမ်းတိုးပြီးနောက် စစ်ကောင်စီက ထိုသို့ အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ UEC ဥက္ကဌအား ကျန်းမာရေးအရ အနားပေးခြင်းဖြစ်ကြောင်း အကြောင်းပြထားပြီး လစ်လပ်သွားသည့် ၎င်း၏ နေရာတွင် ဦးကိုကိုအား တာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်က စခန်းနှင့် မြို့များ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ရှမ်းပြည်နယ်တွင်လည်း ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သည့် ဦးအောင်ဇော်အေး အနားပေးခံရပြီး ဦးအောင်အောင်အား အစားထိုးခန့်အပ်ထားသည်ကို တွေ့ရသည်။

ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်တဦးနေရာတွင် အစားထိုးခန့်အပ်ကြောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးကို UEC အဖွဲ့ဝင်အဖြစ် ရွှေ့ပြောင်းပြီး ၎င်းနေရာတွင် ဦးထိန်လင်းအား ခန့်အပ်ကြောင်းနှင့် စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါက်တာကျော်ထွန်အား အနားပေးကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။