ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့များရှိ တပ်ရင်းများကို AA ကဆက်လက် ထိုးစစ်ဆင်နေ

002

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့များရှိ တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်သည်။

ရသေ့တောင်မြို့ အခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ (၅၃၆)၊ (၅၃၇)၊ (၅၃၈)နှင့် ကြည်း၊ ရေ၊ လေပစ်ကူ အမြောက်အမြားဖြင့် စစ်ကောင်စီက ခုခံနေသော်လည်း အဆိုပါစခန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ရက္ခိုင့်တပ်တော်AA က ဆိုသည်။

ထို့အပြင် ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ ၊ ခမရ (၅၅၂) တပ်ရင်းနှင့် မောင်တောမြို့ရှိ လက်ကျန်နယ်ခြားစောင့် စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မောင်တောမြို့ နယ်ခြားစောင့် စခန်းအချို့မှ ထွက်ပြေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့၀င်များကိုလည်း လိုက်လံဖမ်းဆီးနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တပ်ရင်းများကို ထိုးစစ်ဆင်နေပြီး ဝိုင်းရံပိတ်ဆို့ထားခြင်း၊ တပ်ရင်းများသို့ လာရောက်မည့် စစ်ကူများကို ဖြတ်တောက်တိုက်ခိုက်ခြင်းများလည်း ပြုလုပ်နေသည်ဟု AAက ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကြာချိန် လေးလနီးပါး ရှိလာချိန်၌ ချင်းပြည်နယ် ပလက်ဝဒေသ၊ ရခိုင်‌မြောက်ပိုင်းရှိ မင်းပြား၊ ကျောက်တော်၊ ‌မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ‌မြေပုံ၊ ပေါက်တော စသည့်မြို့များနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ ရမ်းဗြဲမြို့တို့ကို ရက္ခိုင့်တပ်‌တော် AAက သိမ်းပိုက်ထားပြီးဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ