အာဏာသိမ်း မြန်မာစစ်တပ်ကိုဆန့်ကျင်ကြောင်း ဖိလစ်ပိုင် လူ့အခွင့်အရေးအဖွဲ့များ ဆန္ဒပြ

မင်းထက်

(မဇ္ဈိမ)။ ။ ဖိလစ်ပိုင်နိုင်ငံ ၊ Quezon City မြို့ရှိ Boy Scout Circle ၌ ယနေ့ ဖေဖော်ဝါရီလ ၁ ရက် ၊ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီအချိန်တွင် ဖိလစ်ပိုင် လူ့အခွင့်အရေး အဖွဲ့ ရှစ်ဖွဲ့က ဦးဆောင်ပြီး အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြောင်းနှင့် မြန်မာပြည်သူများနှင့် အတူတကွ ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်။

မြန်မာ့တော်လှန်ရေး လှုပ်ရှားမှုကို အားပေးထောက်ခံပြီး မြန်မာစစ်အာဏာရှင်အား အာဆီယံက ချက်ခြင်းအရေးယူပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု Burma Solidarity Philippines အဖွဲ့ဝင်တဦးက ပြောသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန် နှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ရရှိရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု ၎င်းကဆိုသည်။

ထိုဆန္ဒပြပွဲတွင် စစ်အာဏာရှင်ကို ပံ့ပိုးနေသော ထောက်လှမ်းရေးနည်းပညာကို ဖြတ်တောက်ရေး၊ မုဒိမ်းကျင့်ခြင်းအား စစ်လက်နက်အဖြစ်သုံးခြင်းကို ရပ်တန့်ရေး နှင့် အာစီယံနည်းလမ်းကိုပြောင်းလဲရေးစသည့် ဖြင့် ကြွေးကြော်ခဲ့သည်ဟု သိရသည်။

Burma Solidarity Philippines အဖွဲ့ ဦးဆောင်ပြီး Partido Manggagawa (Labor Party)၊Sentro(Labor confederation)၊ Akbayan Youth ၊ Nagkaisa labor coalition ၊ Building and wood workers International (BWI) ၊ Initiatives for international dialogue (IID) နှင့် Milk Tea Alliance အဖွဲ့တို့က ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင်လည်း ရှစ်လေးလုံး အရေးတော်ပုံအတွင်း ကျဆုံးခဲ့ရသော အာဇာနည်များနှင့် သူရဲကောင်းအား သတိရအောင့်မေ့ခြင်းအထိမ်းမှတ်လှုပ်ရှားမှုကို Burma Solidarity Philippines အဖွဲ့က ဦးဆောင်ပြီး ဖိလစ်ပိုင်နိုင်ငံ Quezon မြို့တွင်ကျင်းပခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး