ကျိုက်ထိုတွင် ထမင်းဆိုင်ပိုင်ရှင်မိသားစုကို စစ်ကောင်စီတပ်ဖမ်းဆီး

ပုံအညွှန်း- ပစ်တိုင်းထောင် ထမင်းဆိုင် ဆိုင်းဘုတ် (ဓါတ်ပုံ- လူမှုကွန်ရက်)

ပုံအညွှန်း- ပစ်တိုင်းထောင် ထမင်းဆိုင် ဆိုင်းဘုတ် (ဓါတ်ပုံ- လူမှုကွန်ရက်)

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ ရန်ကုန်- မော်လမြိုင်ကားလမ်းဘေးရှိ “ပစ်တိုင်းထောင်” ထမင်းဆိုင် ပိုင်ရှင်မိသားစုအား ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

မုပ္ပလင်လမ်းဆုံရှိ ပစ်တိုင်းထောင် ထမင်းဆိုင်သည် တော်လှန်ရေးအင်အားစုများထံ ပေးပို့သည့် ပစ္စည်းထုပ် ပါဆယ်ထုပ်များအား တဆင့်လက်ခံပေးနေသည်ဟူသည့် စွပ်စွဲချက်ဖြင့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက် ၈ နာရီအချိန်က အဆိုပါ ဆိုင်မှ ပိုင်ရှင်အမျိုးသမီးနှင့် မိသားစုကို ဖမ်းဆီးသွားပြီး စစ်ဆေးနေကြောင်း ဒေသခံက ဆိုသည်။

” ပစ်တိုင်းထောင်က ကားကြီးတွေနားတဲ့ ထမင်းဆိုင်ကြီး၊ ပါဆယ်ထုပ်တွေ ပစ္စည်းထုပ်တွေလည်း လက်ခံတယ်၊ ကားဂိတ်ပါ လုပ်ထားတဲ့သဘောပေါ့ဗျာ။ အဲ့ဒါ တော်လှန်ရေးလုပ်တဲ့သူတွေရဲ့ ပစ္စည်းတွေကို လက်ခံပေးထားတယ် တဆင့်ခံလုပ်ပေးတယ်ဆိုပြီး လာဖမ်းသွားတာ” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ပစ်တိုင်းထောင် ထမင်းဆိုင်ပိုင်ရှင်မိသားစုဝင် ဘယ်နှစ်ဦးအား မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ဒေသတွင်း သတင်းရင်းမြစ်​ တဦး၏ ပြောကြားချက်အရ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဝေါမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တခု၌ ရန်ကုန်- ကျိုက်ထို ခရီးသည်တင်ယာဉ်တစီးပေါ်တွင် တင်လာသည့် ရန်ကုန်သို့ ပို့မည့် လက်နက်၊ ခဲယမ်း တချို့ကို စစ်ကောင်စီက ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီက ကျိုက်ထိုမြို့နယ်အတွင်းရှိ လိုင်းကားဂိတ်များတွင် ပါဆယ်ပို့မည်ဆိုပါက လက်ခံမည့်သူနှင့် ပစ္စည်းပို့မည့်သူ​၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ မှတ်ပုံတင် နံပါတ်တို့ကို တောင်းယူခိုင်းနေပြီး ပစ္စည်းဖောက်ဖွင့်ကာ စစ်ခိုင်းခြင်း စသည်တို့ကို ပြုလုပ်ရန် စေခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)