ခင်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံ ၃ ဦး သတ်ဖြတ်ခံရ

MTO (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးပြီး ဒေသခံသုံးဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံကပြောပါတယ်။

သာ၀တ္ထိကျေးရွာနဲ့ ကလုံးကျေးရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာဖြစ်ပြီး အသတ်ခံထားရသူတွေရဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံသုံးဦး အသတ်ခံရပုံနဲ့ မီးရှို့ဖျက်ဆီးသွားတဲ့အခြေအနေတွေကို ဒေသခံတဦးက မဇ္ဈိမကိုပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားလို့ နေအိမ်ပေါင်း ၁၀၀ ကျော် မီးလောင်ပျက်စီးသွားတဲ့ သာ၀တ္ထိကျေးရွာက မီးဘေးသင့်ပြည်သူတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းနဲ့ဝင်ရောက်လာပြီးနောက် ကိုယ်ဝန်သည် အမျိုးသမီးတဦးအပါအဝင် ပြည်သူလေးဦးကို သတ်ဖြတ်ပြီး ကျွန်းတောကြီးရွာက နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးသွားတဲ့ဖြစ်စဉ် ဖြစ်ပွါးခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း – MTO
တည်းဖြတ် ၊ တင်ဆက် – MTO