စစ်မှုထမ်းဥပဒေနှင့်အကျုံးဝင်နေသူများ စစ်အာဏာရှင်ဖြုတ်ချရေး ပူးပေါင်းကြရန် CNF ထုတ်ပြန်

ချင်းအမျိုးသားတပ်မတော်(CNA)တပ်ဖွဲ့ဝင်များ/ဓါတ်ပုံ – CNA

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကောင်စီထုတ်ပြန်ထားသည့် စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်နေသူလူငယ်များအနေဖြင့် စစ်အာဏာရှင်စနစ်ဖြုတ်ချရေးတွင် ပူးပေါင်းပါဝင်လာကြရန် ချင်းအမျိုးသားတပ်ဦး(CNF) က ထုတ်ပြန်လိုက်သည်။

မနက်ဖြန် ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက်ချင်းအမျိုးသားနေ့အတွက် ထုတ်ပြန်သောကြေညာချက်၌ ယင်းကဲ့သို့ တိုက်တွန်းထားခြင်းဖြစ်သည်။

“အခုအသက်သွင်းလိုက်တဲ့အမိန့်က ချင်းပြည်မှာ စစ်ကောင်စီတပ်ချတဲ့နေရာ အဓိကမြို့တချို့မှာတော့ သက်ရောက်နိုင်တယ်။ ဒါပေမဲ့ ထိရောက်မှုနည်းမယ်ပေါ့။စစ်ကောင်စီက တကယ်လုပ်လာရင် CNA/ CDF ဆီကိုလာကြမှာပါ” ဟု CNF ပြောရေးဆိုခွင့်ရှိ သူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီက အိမ်ထောင်စုဖြင့် စာရင်းစတင်ကောက်ယူနေသောကြောင့် ဒေသခံများ စိုးရိမ်နေကြောင်းသတင်းရရှိသည်။

စစ်ကောင်စီသည် အာဏာသိမ်းမှုသုံးနှစ်အတွင်း အင်အားပြုတ်းတီးမှုများပြားခြင်း၊ စစ်သားမစုဆောင်နိုင်ခြင်းတို့ကြောင့် စစ်မှုမထမ်းမနေရစနစ်ကို ပြန်လည်အသက်သွင်းခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက‌ ပြောသည်။

စစ်ကောင်စီ၏ ထိုလုပ်ရပ်သည် လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုရန် အတင်းအဓမ္မစစ်သားစုဆောင်းခြင်းဖြစ်ကြောင်း CNF ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းအမျိုးသားများနှင့်အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးများ နှစ်နှစ်အထိ တာဝန်ထမ်းဆောင်ရမည့်အချက်အပါအဝင် ပြည်သူများအား စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ခိုင်းနိုင်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်‌ကောင်စီက ဖေဖော်ဝါရီလ ၁၀ရက်တွင် ထုတ်ပြန်ခဲ့သည်။ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီကဖွဲ့စည်းပြီး မြို့နယ်အများစုတွင် လူဦးရေစာရင်းလိုက်လံကောက်ယူနေသည်။

စစ်ကောင်စီမှထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် တရားမဝင်ဘဲ ပြည်သူများလိုက်နာရန်မလိုကြောင်း၊ယခုကဲ့သို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေခြင်းသည် စစ်ပွဲအတွင်း ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အဓမ္မစေခိုင်းနိုင်ရန်နှင့် ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၍ ၎င်းတို့စစ်အုပ်စု၏ အကျိုးစီးပွားအာဏာကို အကာအကွယ်ရယူရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဖေဖော်ဝါရီလ ၁၃ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လူသစ်စုဆောင်းမှုကိုလက်မခံဘဲ ပြည်သူ့ကာကွယ်ရေးရဲဘော်အဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်ရန်၊ တော်လှန်ရေးအင်အားစုများထံလာရောက်ခိုလှုံကြရန် ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းနေကြသည်။

စာတည်း – အေးချမ်း