ဖားကန့်ရှိ စစ်ကောင်စီ၏ နန့်တိန်စစ်ဗျုဟာကုန်းကို KIA သိမ်းပိုက်

ဓာတ်ပုံ- ပုံဟောင်း

အဂမ်

(မဇ္ဈိမ)။ ။ ဖားကန့်ဒေသရှိ စစ်ကောင်စီ၏ ဗျုဟာကျသော နန့်တိန်စစ်ဗျုဟာကုန်းကို KIAက ယနေ့ ဖေဖာ်ဝါရီလ ၃ ရက် နေ့လယ် ၁၁ နာရီကျော် အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် ပြင်းထန်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း KIA ရှေ့တန်း သတင်းရင်း မြစ်များက ဆိုသည်။

နန့်တိန်ဗျုဟာကုန်းကို KIA နှင့် KPDF က တလနီးပါးကြာ ဝိုင်းဝန်းပိတ်ထားပြီး စားနပ်ရိက္ခာများ ဖြတ်ထားပြီးနောက် ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက် ညနေ ၄ နာ ရီဝန်းကျင်က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ဝှေခါတပ်စခန်းစတိုက်ကတည်းနေ ပတ်ပတ်လည် ပိတ်ထားပေးခဲ့တာ ဟုတ်တယ်။ ခုတော့ စခန်းကို ဝင်လိုက်နိုင်ပြီ။ ဒါပေမဲ့ တိုက်ပွဲက ဖြစ်နေတုန်း ဆိုတာပဲ သိထားပေးပါဦး ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် နန့်တိန်စခန်းအတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA)က ဝင်ရောက်စီးနင်းထားပြီး စခန်းတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦး၏ရုပ်အလောင်းတွေ့ရှိရသည်ဟု ကနဦးသိရှိထားသည်။ အသေးစိတ်အချက်အလက်များကို မဇ္ဈိမ၏ မြေပြင် သတင်းအဖွဲ့က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအခြေအနေကြောင့် ဖားကန့် – မြစ်ကြီးနားလမ်းရှိ နန့်တိန်းနှင့် ကျောက်ထုကြားတွင်  ဖြတ် သန်းသွားလာခွင့် ပိတ်ထားကြောင်း ကနဦး စုံစမ်းသိရှိ ရသည်။
နန့်တိန်စခန်းကို ယမန်နေ့ ညနေ ၄ နာရီကတည်းနေ စ တင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးရွာများ အတွင်းသို့ ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဖားကန့်ဒေသခံများထံကနေ သိရသည်။

ဖားကန့်ရှိ ဝှေခါကျေးရွာနှင့် နန့်တိန် စစ်ကောင်စီတပ်စခန်းများကို ဇန်နဝါရီလ ၆ ရက်နေ့ကတည်း တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြီးခဲ့သော  ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဝှေခါကျေးရွာရှိ ရဲစခန်းနှင့် စခန်းကုန်းနှစ်ခုကို KIA က အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး