မြင်းခြံမြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၁၀ဦး‌ကျော်ထိခိုက်သေဆုံးမှုရှိဟုဆို

ရုပ်သံအညွှန်း-ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။(Video-Myingyan Black Tiger)

007

(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက် ညနေပိုင်းအချိန်က ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးမှုရှိသည်ဟုကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“သေဆုံးမှုစာရင်းက မျက်မြင်ပြည်သူတွေရဲ့ပြောပြချက်နဲ့ အတည်ပြုထားတာပါ” ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း Natogyi PDF တာဝန်ရှိသူတဦးက ယနေ့ နေ့လယ်ပိုင်းတွင် မဇ္စျိမကိုပြောသည်။

မြင်းခြံမြို့နယ်၊ စံပြကျေးရွာ စာသင်ကျောင်း အတွင်း အင်အား ၂၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဘက်သို့ စစ်ကူများရောက်လာရာမှ ၄၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအပြီးတွင် MA-1 အမျိုးအစားသေနတ်သုံးလက်နှင့် ကာဘိုင်အမျိုးအစား သေနတ်တလက်တို့ သိမ်းဆည်းနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးသွားကြောင်းလည်း သိရသည်။

“Myingyan Black Tiger အဖွဲ့က ရဲဘော်တယောက် တိုင်းပြည်အတွက် အသက်ပေးလိုက်ရတယ်၊ လက်နက်ကို မက်မောနေရတဲ့ အခြေအနေမျိုးဖြစ်နေတော့၊ အခုအချိန်မှာ အလှူငွေတွေ ထောက်ပံ့မှုတွေက နည်းသွားတဲ့အတွက် ကျွန်တော်တို့ခရိုင်ထဲမှာ အလှူငွေသိပ်မရကြတဲ့ အဖွဲ့တော်တော်များများက အခုလိုမျိုး လက်နက်မဝယ်နိုင်တော့ ရန်သူ့ပစ္စည်း ကိုယ့်ပစ္စည်းဖြစ်အောင် ကြိုးစားရင်းနဲ့ အသက်ပေးခဲ့ရတာပါ” ဟု Natogyi PDF တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ပွဲတွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသော Natogyi People Defence Force – မြင်းခြံခရိုင်၊ အမှတ် (၄) တပ်ရင်း ၊ Myingyan Black Tiger – မြင်းခြံခရိုင်တပ်ရင်း (၉)၊ မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း၊ မန္တလေးခရိုင်တပ်ရင်း(၃)-MDY PDF၊ မြင်းခြံမြို့နယ် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ ဗိုလ်စက္ကပြောက်ကျား တပ်ဖွဲ့(မြင်းခြံ) တို့က ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

တိုက်ပွဲတွင်ကျဆုံးခဲ့သည့် Myingyan Black Tiger တပ်ဖွဲ့မှ ရဲဘော်ကုလားလေး(ခ)ဝိုင်းချစ်မင်း၏ စျာပနကို ဝမ်းနည်းကြောင်း ဂုဏ်ပြုအလေးပြုခြင်း အစီအစဉ်ဖြင့် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း Myingyan Black Tiger အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီး‌နောက် စစ်ကောင်စီတပ်များကို ရရာလက်နက်ဖြင့်တွန်း လှန်တိုက်ပွဲဝင်နေသည့် မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းမှ ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များအနေဖြင့် လက်ရှိ ကာလတွင် ရန်ပုံငွေမရှိသဖြင့် လက်နက်အင်အား အခက်အခဲဖြင့် ရင်ဆိုင်နေကြရကြောင်းလည်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ