ရွှေမော်ဓောဘုရားပွဲကျင်းပနေစဥ် ခွေးရူးဝင်ကိုက်၍ ကလေး ၄ ဦးအပါ လူအယောက် ၃၀ ခန့်ဒဏ်ရာရ၊ခွေးရူးကို ဖမ်းမမိသေး

ရွှေမော်ဓော ဘုရားပွဲကျင်းပနေစဥ်အတွင်း လူများအား ကိုက်ခဲ့သည့် ခွေးရူး။ ဓာတ်ပုံ − ပဲခူးမြို့ခံတဦး၏ လူမှုကွန်ယက်

ရွှေနွယ်

(မဇ္ဈိမ)။ ။ ပဲခူးမြို့တွင် ရွှေမော်ဓောဘုရားပွဲကျင်းပနေစဉ် ဘုရားအနီးအနားရှိ ရပ်ကွက်များနှင့် ဘုရားပွဲစျေးအတွင်းသို့ ဝင်ရောက်ကာ လူအယောက် ၃၀ ကို ကိုက်သွားသည့် ခွေးရူးကို ယနေ့ (ဧပြီလ ၂၉ ရက် ) မနက်ပိုင်းအထိ ဖမ်းမမိသေးကြောင်း မြို့ခံများထံက သိရသည်။

ခွေးရူးသည် အညိုရောင်ဖြစ်ပြီး ခန္ဓာကိုယ်တွင် ရွှံ့ဗွက်များပေကျံနေကြောင်းနှင့် ဧပြီ ၂၇ ရက်နေ့ ညနက်ပိုင်းအချိန် လိုက်လံဖမ်းဆီးစဉ် မှော်ကန်ရပ်ကွက်အတွင်း ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ကျွန်းသာယာလူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောသည်။

“ခွေးရူးက မိတော့မမိသေးဘူး။ ဆက်ပြီးတော့စုံစမ်းနေတုန်းပဲ။ အွန်လိုင်းမှာလည်း တင်ထားတယ်။ အွန်လိုင်းဆိုတော့ ကျယ်ပြန့်တယ်လေ။ လိုက်နေတုန်းပဲ ဘယ်ရပ်ကွက်မှာများမိသွားလဲ ဘာလဲဆိုတာလည်း သိရအောင်လို့” ဟု ကျွန်းသာယာလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူက ပြောသည်။

ထိုခွေးရူးသည် ဧပြီလ ၂၇ ရက် ည ၈ နာရီကျော်မှ ည ၁၀ နာရီခန့်အထိ နှစ်နာရီအတွင်း လူအယောက် ၃၀ ကို ကိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ခွေးရူးကိုက်ခံရသည့် လူဦးရေမှာ အမျိုးသမီး ၁၃ ဦးနှင့် အမျိုးသား ၁၆ ဦး စုစုပေါင်း ၂၉ ဦးဖြစ်ကြောင်းသိရသည်။

ထိုအနက် အသက် ၁၈ နှစ်မပြည့်သေးသူ ကလေး လေးဦးပါဝင်ကြောင်းသိရသည်။

“သူကစတာ ပဲခူး မဟာမြိုင်နားကစတာ။ သူပြေးတဲ့လမ်း တောက်လျှောက် ကိုက်သွားတာ။ ကျွန်တော်တို့ ကျွန်းသာယာက လေးယောက်ပါသွားတယ်။ ပထမပိုင်းက ခွေးရူးကိုက်နေမှန်းမသိဘူး။ အကိုက်ခံရပြီးမှ ကျွန်တော်တို့ကသိတာ။ ရွှေမော်ဓောဘုရားပွဲမှာက အကိုက်ခံရတာ များသွားတယ်လေ” ဟု ကျွန်းသာယာလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူက ပြောသည်။

ခွေးရူးကိုက်ခံရသူများသည် လက်ရှိတွင် ပဲခူးဆေးရုံ၌ ခွေးရူးပြန်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း ပဲခူးမြို့ခံများထံက သိရသည်။

“ဆေးကတော့ သူတို့ ဆေးရုံမှာပဲလေ ပထမအကြိမ်ထိုးပြီးပြီ။ ကိုယ့်စားရိတ်နဲ့ကိုယ်ထိုးရတာ။ ကျွန်တော်တို့ရက်ကွက်က စျေးရောင်းတဲ့ကောင်မလေးလည်းကိုက်ခံလိုက်ရတယ်။ နည်းတာမဟုတ်ဘူး။ သူ့လည်းမရှိလို့လုပ်စားနေရပါတယ်ဆို ဆေးဖိုးက ၆၀,၀၀၀(ကျပ်) လောက်ကုန်သွားတယ်။ ဒါတောင် ပထမအကြိမ်ပဲထိုးရသေးတာ” ဟု ကျွန်းသာယာရပ်ကွက်ဒေသခံက ပြောသည်။

အဆိုပါ ခွေးရူးသည် ဧပြီ ၂၇ ရက် ည ၈ နာရီကျော်အချိန်ခန့်က မဟာမြိုင်ရပ်ကွက်မှ ထွက်လာပြီး ၎င်းထွက်ပြေးရာလမ်းတလျှောက်ရှိ နန်းတော်ရာ ရပ်ကွက်၊ ဥဿာမြို့သစ်၊ ကျွန်းသာယာရပ်ကွက် ၊ရှင်စောပုရပ်ကွက် ၊ ပန်းလှိုင်ရပ်ကွက်နှင့် ဟင်္သာကုန်းရပ်ကွက် အစရှိသည့်ရပ်ကွက်နေပြည်သူများ ကိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း ကျွန်းသာယာလူမှုကူညီရေးအသင်းတာဝန်ရှိသူထံက သိရသည်။

ပဲခူးမြို့ ပြည်သူ့ဆေးရုံတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အချက်အလက်များအရ တရက်လျှင် လူဦးရေ ၇၀ မှ ၁၀၀ ကြား ခွေးရူးပြန်ကာကွယ်ဆေးထိုးပေးရလေ့ရှိကြောင်း သိရသည်။ ထိုစဉ်က ဆေးရုံတွင် ခွေးရူးပြန်ကာကွယ် ဆေးဝါးလိုအပ်ချက်ရှိနေကြောင်းလည်း သတင်းမီဒီယာများတွင်အကျယ်အဝံ့ဖော်ပြခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် ၂၀၁၈ က ခွေးကိုက်ခံရမှု တနိုင်ငံလုံး အတိုင်းအတာဖြင့် ၁၉၀,၀၀၀ ကျော်ရှိခဲ့ပြီး ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၆၉ ဦးရှိခဲ့သည်။ မြန်မာနိုင်ငံ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တွက်ချက်မှုအရ နိုင်ငံတဝန်း ခွေးအကောင်ရေ ၃.၈ သန်း ရှိကာ ၇၀ ရာခိုင်နှုန်းသည် ခွေးလေခွေးလွင့်များဖြစ်ကြောင်းသိရသည်။ ထို့ပြင် ၂၀၁၆ ခုနှစ်က ရန်ကုန်မြို့တွင် ပြုလုပ်သော စစ်တမ်းတစ်ခုအရ ခွေးနှစ်ကောင်လျှင် တကောင်သည် ခွေးရူးရောဂါရှိနိုင်သည်ဟု သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး