မုံရွာမြို့နယ် နဂါးတွင်းကျေးရွာက လူနေအိမ် ၉၀ကျော် မီးရှို့ဖျက်ဆီးခံရ

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်ခြမ်းရှိ နဂါးတွင်းကျေးရွာတွင် ဖေဖော်ဝါရီလ ၃ ရက် ညနေ ၄ နာရီအချိန်က နေအိမ် ၉၅ လုံး မီးရှို့ဖျက်ဆီးခံရသည်ဟု ဒေသခံများထံမှ သိရသည်။

“စစ်ကောင်စီတပ်က နဂါးတွင်းရွာကို မီးရှို့တာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ရွာမီးရှို့ခံရတော့ ရွာခံတွေ အကုန်လုံးက စစ်ရှောင်နေရတာ ဖြစ်ပါတယ်။ ကိုယ့်ရွာ မီးရှို့ခံရတာကို အဝေးကနေပဲ ကြည့်နေရတာ” ဟု ဒေသခံက မဇ္ဈိမကိုပြောသည်။

မုံရွာ-အမြင့် လမ်းဘေးရှိ နဂါးတွင်းကျေးရွာတွင် အိမ်ခြေ ၇၀၀ ခန့် ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ ပထမအကြိမ် စစ်ကြောင်းထိုးဝင်ရောက်လာစဉ်က နေအိမ် ၁၇ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းတွင် မုံရွာမြို့နယ် တောပုရွာမှ အင်အား ၇၀ ခန့်ဖြင့် ထွက်ခွါလာခြင်းဖြစ်ပြီး ဘုဘကျေးရွာမှတဆင့် နဂါးတွင်းကျေးရွာသို့ ရောက်ရှိကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင် အမှတ်(၅) တပ်ရင်းထံမှ သိရသည်။

“ရွာခံ တချို့ကတော့ နေရပ်ကို ပြန်လာကြတာ ရှိတယ်၊ တချို့ကတော့ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာကို ကြောက်တဲ့အတွက် နေရပ်ကို မပြန်နိုင်ကြသေးဘူး”ဟု ဒေသခံက ပြောသည်။

မုံရွာမြို့တောင်နယ်၊ နဂါးတွင်းကျေးရွာရှိ ဒေသခံ အများစုသည် နုံးမြေများကို မှီတင်းကာ စိုက်ပျိုးရေး လုပ်ကိုင်နေကြသူများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုးမှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ခရမ်းချဉ် ၊ ငရုတ် စသည့်သီးနှံများ မသိမ်းနိုင်ဘဲ နေရပ်စွန့်ခွါ စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ