ဖေဖော်ဝါရီလထဲမှာ ပျံ့နှံ့လာနိုင်ချေရှိတဲ့ သတင်းတု/မှား များ

ZZ

(မဇ္ဈိမ)။ ။ ဒီတခေါက်မှာတော့ သတင်းအမှားများကို တိုက်ဖျက်ခြင်း အစီအစဉ်ကနေ ဖေဖော်ဝါရီလ ထဲမှာ ပျံ့နှံ့လာနိုင်တဲ့ သတင်းမှားတွေကို ဖော်ပြပေးသွားမှာပါ။ စာဖတ်သူ၊ သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတု/မှားတွေကို ကြိုတင်သတိပေးချက်အနေနဲ့ သတင်းမှန်တွေကို ရရှိစေနိုင်ဖို့ ရည်ရွယ်ပါတယ်။

ဖေဖော်ဝါရီ ထဲမှာတော့အထင်ကရနေ့တွေ ရှိနေပါတယ်။ ဒီလို နေ့ထူးနေ့မြတ်တွေ အထင်ကရနေ့တွေနဲ့ အချိန်ကိုက်ပဲ သတင်းတုတွေဟာ တနည်းတဖုံ ပျံ့နှံ့နေတတ်ပါတယ်။
မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ စစ်အာဏာသိမ်းတာ သုံးနှစ် တင်းတင်းပြည့်တဲ့ နှစ်ပဲ ဖြစ်ပါတယ်။ ဒီလို ၃နှစ်ပြည့်တော့မှာဖြစ်တဲ့အတွက် စစ်ကောင်စီကို တွန်းလှန်နေတဲ့ တော်လှန်ရေးလှုပ်ရှားသူတွေဟာ အသံတိတ်သပိတ် ဆင်နွှဲဖို့ လှုံ့ဆော်နေကြပြီဖြစ်ပါတယ်။
အဲ့နေ့မှာတော့ ယခင်က အသံတိတ်သပိတ်လုပ်ခဲ့တုန်းကပုံအဟောင်းတွေနဲ့ ပြန်လည်ဖြန့်ဝေတာတွေ ရှိလာနိုင် သလို အခြားသောနိုင်ငံကပုံတွေနဲ့ သတင်းအမှားဖြန့်တာ လုပ်ကြံလီဇယ်ရေးသားတဲ့ သတင်းတွေလဲရှိလာနိုင်ပြီး စစ်ကောင်စီဘက်က လော်ဘီတွေကတော့ အသံတိတ်သပိတ်ဆင်နွှဲမယ့်သူတွေကို လိုက်လံဖမ်းဆီးခိုင်းဖို့နဲ့ အဲ့ဒီနေ့မှာ လူတွေစည်ကားနေတယ်ဆိုပြီးလဲ ပုံအဟောင်းတွေနဲ့ ဖြန့်လာနိုင်ပါတယ်။
အလားတူပဲ စစ်ကောင်စီ လော်ဘီတွေက “ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ကွက်ပြီးပိတ်တဲ့ဆိုင်တွေ တွေ့ကြသေးတာပေါ့ကွာ” လို့ ကြုံးဝါးပြီး ဖြန့်ဝေနေတာတွေ ရှိနေပါတယ်။ ဒါကတော့ လုံခြုံရေး အန္တရာယ်အတွက် သတိထားစရာပါ။

ဖေဖော်ဝါရီ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေဟာ ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်ပြီး အဲ့နေ့တွေမှာတော့ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသားလူမျိုးအချင်းချင်း အမုန်းပွားစေနိုင်တဲ့ သတင်းအမှားတွေလဲ ပျံ့နှံ့နိုင်ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ဟာ ချစ်သူများနေ့ဖြစ်ပြီး အဲ့နေ့မှာလဲယခင်နှစ်တွေက ပုံအဟောင်းတွေဟာ ထပ်မံပျံ့လာနိုင်ပါတယ်။ ဒီလို ပျံ့နှံ့တာလည်း ရှိခဲ့ဖူးပါတယ်။

ယခုကာလဟာ မြန်မာနိုင်ငံအနှံ့မှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲကာလဖြစ်တာနဲ့အညီ တိုက်ပွဲနဲ့သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲပေါ်အခြေခံပြီး လူမျိုးရေးမုန်းတီးစေတာ၊ ဘာသာရေးနဲ့ တိုက်ခိုက်တဲ့ သတင်းအမှားတွေလည်း ထပ်မံပျံ့နှံ့နိုင်သေးတာမို့ သတင်းဖတ်ရှုသူတွေအနေနဲ့ သတိပြုဖို့လိုအပ်ပါတယ်။

တစ်ဖက်မှာလဲ အွန်လိုင်းငွေလိမ်တဲ့ဖြစ်စဉ်တွေဖြစ်တဲ့ ချေးငွေပေ့ချ်အတုတွေ၊ ပုံဟောင်းတွေနဲ့ အလှူခံတာတွေ ဟာလည်း ယနေ့အချိန်ထိရှိနေဆဲဖြစ်လို့ သတိထားကြဖို့ တိုက်တွန်းပါတယ်။

အခုပြောခဲ့တာတွေကတော့ ဖေဖော်ဝါရီလအတွင်း ကြုံတွေ့ရနိုင်တဲ့ သတင်းတု သတင်းအမှားတွေကို လေ့လာသုံးသပ်ဆွေးနွေးတင်ပြခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ နေ့စဉ် ကိုယ်ဖတ်ရှုနေတဲ့ သတင်းတွေထဲမှာ သတင်းတု သတင်းအမှားတွေ ရောနှောပါဝင်နိုင်တာမို့ ဘက်မလိုက်ဘဲ တိကျသေချာတဲ့ သတင်းဌာနတွေက သတင်းတွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ဖို့မမေ့ပါနဲ့နော်။

ဒါ့အပြင် မဇ္ဈိမရဲ့ သတင်းအမှားများကိုတိုက်ဖျက်ခြင်းအစီအစဉ်ကိုလဲ သတင်းတုသတင်းအမှားတွေ တွေ့ခဲ့ရင် မသင်္ကာစရာ သတင်းတွေတွေ့ခဲ့ရင်လဲ မေးမြန်းလို့ရနိုင်ပါပြီနော်။ မေးမြန်းချင်ရင်တော့ ” t.ly/AjFbz ” ဒီလင့်ကနေ မေးမြန်းဖို့ ဖိတ်ခေါ်ပါရစေရှင်။