ဖာပွန်ခရိုင်အတွင်း KNU နှင့် တိုက်ပွဲတွင် စကစတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံး၊ ဒဏ်ရာရသူများထဲ တပ်ရင်းမှူး ၁ ဦးပါဝင်

ပုံအညွှန်း- KNLA စစ်သားတဦးကို တွေ့ရစဉ် (ဓာတ်ပုံ-သူရ/မဇ္ဈိမ)

မဇ္ဈိမ

ကရင်အမျိုးသားအစည်းရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၌ ဇန်နဝါရီလတွင် KNU နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၉၀ နီးပါး ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးပြီး နောက်ထပ် ၄၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း KNU တပ်မဟာ (၅) က တရားဝင် ထုတ်ပြန်သည်။

ဒဏ်ရာသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် တပ်ရင်းမှူးတဦး ပါဝင်ကြောင်း KNU တပ်မဟာ (၅) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ KNU ဘက်က ထိခိုက်ကျဆုံးမှု အရေအတွက်ကိုမှု ထည့်သွင်းဖော်ပြထားသည်ကို မတွေ့ရပေ။

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သော လက်နက်ကြီး ငါးလုံးသည် အရပ်သားများ နေထိုင်ရာ ကျေးရွာနှင် ဥယဉ်ခြံမြေအတွင်းသို့ ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့သော်လည်း ရွာသူ၊ ရွာသားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း တစုံတရာ မရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်ကမှု အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် KNU တပ်မဟာ ခုနစ်ခုအနက် တပ်မဟာ ခြောက်ခုတွင် KNU လက်အောက်ခံ KNLA တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်မြို့ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသော KNLA၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား လက်ရှိအချိန်ထိ တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်၊။

စာတည်း။ ။ နောင်နောင်