သီရိလင်္ကာတွင် မူးယစ်ဆေးဝါး ဖြိုခွင်းနှိမ်နင်းမှုအတွင်း လူ ၁၅,၀၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံရ

ကိုလံဘိုရှိ သီရိလင်္ကာရဲတပ်ဖွဲ့။ ရုပ်ပုံ- NurPhoto AFP မှတဆင့်။

AFP

သီရိလင်္ကာနိုင်ငံတွင် စစ်တပ်က ကျောထောက်နောက်ခံပြုသည့် သီတင်းတပတ်ကြာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဖြိုခွင်းမှုတရပ်အတွင်း လူ ၁၅,၀၀၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင် ကြေညာသည်။ ထိုဖြိုခွင်းနှိမ်နင်းမှုကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်ရှုတ်ချသည်။

“တရားမျှတမှု” ဟု အမည်ဝှက်ပေးထားသည့် ၎င်းတို့၏ စစ်ဆင်ရေးတွင် ဆေးခြောက်နှင့် ဘိန်းဖြူများအပါအဝင် မူးယစ်ဆေးဝါး ၄၄၀ ကီလိုဂရမ် (၉၇၀ ပေါင်) နီးပါးကို ဖမ်းဆီးရမိကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က ပြောသည်။

မူးယစ်ဆေးဝါး မှောင်ခိုကူးမှု အကူအပြောင်းနေရာတခုအဖြစ် အိန္ဒိယသမုဒ္ဒရာကျွန်းကို အသုံးပြုနေသည်ဟု သီရိလင်္ကာအာဏာပိုင်တို့က ယုံကြည်နေသည်။

ယခု ဖြိုခွင်းနှိမ်နင်းမှုအတွင်း သံသယရှိသူ ၁၃,၆၆၆ ဦးကို ဖမ်းဆီးခဲ့သလို မူးယစ်ဆေးစွဲနေသူ ၁,၁၀၀ နီးပါးကို ထိန်းသိမ်းကာ ၎င်းတို့ မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်ရေးအတွက် စစ်တပ် စီမံခန့်ခွဲသည့် နေရာတခုသို့ ပို့ဆောင်လိုက်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တရပ်အရ သိရသည်။

မြို့တော်နှင့် အခြားနေရာများရှိ နေအိမ်များကို အနံ့ခံခွေးများနှင့်အတူ ရဲများနှင့် စစ်သားများ ဝင်ရောက်ရှာဖွေနေသည့် ရုပ်သံတခုကို ပြည်တွင်းမီဒီယာက ပြသသည်။

တာဝန်ရှိသူများကို လုံခြုံရေးနှင့် သက်ဆိုင်သည့် တာဝန်များအတွက် ဖြန့်ကျက်ရန်လိုအပ်သဖြင့် ခရစ္စမတ် အားလပ်ရက်များအတွင်း စီးနင်းမှုများကို ခေတ္တရပ်ထားမည် ဖြစ်ပြီး အင်္ဂါနေ့တွင် ပြန်စမည် ဖြစ်ကြောင်း ရဲများက ပြောသည်။

တချိန်တည်းမှာပင် ရဲတပ်ဖွဲ့၏ စီးနင်းရှာဖွေမှုများက ဥပဒေနှင့်မညီကြောင်း၊ ၎င်းတို့သည် ရှာဖွေဝရမ်းမပါဘဲ ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေးရှေ့နေ ဟီဂျက်ဇ် ဟစ်ဘူလာက ပြောပြီး နောက်ပိုင်းတွင် ဥပဒေအရ တိုင်တန်းအရေးယူနိုင်ရန် ရှာဖွေခံရသူများအနေဖြင့် စီးနင်းရှာဖွေသည့် တာဝန်ရှိသူများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရယူထားရန် တိုက်တွန်းသည်။

(ကိုလူအေးဘာသာပြန်သည်)