ဘုံသဘောထားရပ်တည်ချက်တွင် KIO ပါဝင်ပြီး ‌မြောက်ပိုင်း ၃ ဖွဲ့၏သဘောထားလည်းအရေးကြီး‌ဟု NUG ယာယီသမ္မတဆို

မဇ္ဈိမ။ ။ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်သည့် ဘုံသဘောထားရပ်တည်ချက်တွင် KIO ပါ၀င်ပြီး ‌မြောက် ပိုင်းမဟာမိတ်သုံးဖွဲ့၏ သဘောထားလည်းအရေးကြီး‌ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် ‌ပြောကြားသည်။

“ဒီဘုံသဘောတူညီချက်ဟာ လောလောဆယ်အားဖြင့် [K3C] လို့ခေါ်တဲ့ KIO, KNU, KNPP, CNF တွေဖြစ် တဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားမဟာမိတ်အစုအဖွဲ့တွေကြားမှာ သဘောတူညီချက်အားဖြင့် ခိုင်ခိုင် မာမာ ရရှိထားတဲ့ အချက်တွေဖြစ်သလို ဆက်လက်ပြီးတော့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းတွေရဲ့ စုရုံးသဘောတူညီစေမှုကို ဆက်လက်ကြိုးပမ်းရမှာဖြစ်ပါတယ်။ အဲဒီထဲမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတယ်လို့ ပြောချင်ပါတယ် ”ဟု ယာယီသမ္မတက ‌ပြောသည်။

တော်လှန်ရေးသုံးနှစ်ပြည့်ချိန်တွင် ကချင်၊ ကရင်၊ ချင်း၊ ကရင်နီခေါင်းဆောင်များနှင့် သဘောတူညီချက် များရရှိခဲ့ပြီး ဘုံသဘောတူညီချက်ကိုလည်း ဖြည့်စွက်သင့်သည်များရှိပါက စုရုံးဖြည့်စွက်ရမည်ဟု ယာယီ သမ္မတက ‌ပြောသည်။

“လက်ရှိ ရရှိထားတဲ့ ဘုံသဘောထား ရပ်တည်ချက်ဟာ အလုပ်ဖြစ်ဖို့ ရည်ရွယ်သလို ဖြစ်သင့် ဖြစ်ထိုက်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းစဉ်တွေကို လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်ဖို့ အတွက် လက်တွေ့လုပ်ငန်း လမ်းညွှန်သဘောလည်း ဖြစ်ပါတယ်။ ဖြစ်ပေါ်တိုးတက်လာတဲ့ စစ်ရေးနဲ့ နိုင်ငံရေး အပြောင်းအလဲတွေမှာ တိုင်းပြည်သစ် / နိုင်ငံသစ်တည်ဆောက်ရေးအတွက် ဖြည့်စွက်သင့်တာတွေရှိရင်လည်း သဘောတူညီ ထားတဲ့ တိုင်းရင်းသားမဟာမိတ် ခေါင်းဆောင်တွေရဲ့ လိုလားချက် တွေနဲ့အတူ စုရုံးသဘောတူဖြည့်စွက် ကြဖို့လိုတယ်လို့ ယူဆပါတယ်”ဟု ၎င်းက ‌ပြောသည်။

ပြိုကွဲနိုင်ငံဖြစ်သွားမလားဟု နိုင်ငံတကာကစိုးရိမ်နေသည့်အပေါ် KIO အပါအ၀င် K3C နှင့် NUG အကြား ဘုံသဘောတူညီချက်မှာ ယင်းစိုးရိမ်မှုကို ‌ဖြေလျော့နိုင်မည်ဟုယုံကြည်‌ကြောင်း ယာယီသမ္မတက ‌ပြော သည်။

“ကျွန်တော်တို့ရဲ့ နိုင်ငံရေးခန္တီတရားနဲ့ နိုင်ငံရေးသဘောထားကြီးမှုဟာ အနာဂတ်တိုင်းပြည်သစ်တည် ဆောက်ရေးလုပ်ငန်းစဉ်ကြီးအတွက်‌ကောင်းသော အထောက်အပံ့ကောင်းဖြစ်စေမယ်လို့ ယုံကြည်ပါ တယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးအမြင်ကျယ်ပြန့်မှုကို လက်တွေ့ပြသရင်း နွေဦး တော်လှန်ရေးခရီးကို ဖြောင့်ဖြောင့်မတ်မတ် လျှောက်လှမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်”ဟု ၎င်းက ‌ပြောသည်။

အနာဂတ် တိုင်းပြည်သစ်တည်ဆောက်ရေးတွင် တိုင်းရင်းသားများ စုပေါင်းစွမ်းဆောင်မှုဖြင့်သာ ဖော် ဆောင်ရမည်ဖြစ်‌ကြောင်း၊ ကျန်ရှိနေသည့် တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းများ ဘုံသဘောထားရပ် တည်ချက်တွင် တိုက်ရိုက်ပါ၀င်စေရေးကြိုးပမ်းရမည်ဟု ယာယီသမ္မတက ‌ပြောသည်။

စာတည်း။ ။စောဖေ