ယင်းမာပင်၌ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အိုနှင့် အမျိုးသမီး ၃ဦးသေဆုံး

ပုံအညွှန်း - လက်နက်ကြီးကျည်ကြောင့် ထိခိုက်သေဆုံးသူများ / ဓါတ်ပုံ - ယင်းမာပင် မြို့နယ် သတင်းမှန်ပြန်ကြားရေး

ပုံအညွှန်း – လက်နက်ကြီးကျည်ကြောင့် ထိခိုက်သေဆုံးသူများ / ဓါတ်ပုံ – ယင်းမာပင် မြို့နယ် သတင်းမှန်ပြန်ကြားရေး

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ စည်လှောင်ကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သောလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး သုံးဦးအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ဒေသခံထံကသိရသည်။

ယင်းမာပင်မြို့နယ် အောင်ဇေယျမြို့သစ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် မတ်လ ၁၃ရက် ယမန်နေ့ ညနေ ၄နာရီ ၁၅မိနစ်တွင် စည်လှောင်ကျေးရွာသို့ အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲဖြစ်တာမရှိပါဘူး ၊အောင်ဇေယျအကြိုးကန်းကုန်းက အကြောင်းမဲ့သက်သက် လက်နက်ကြီးနဲ့ ရှစ်ကြိမ်လောက်ပစ်တာ ၊ လူလေးယောက် သေတယ် ၊ ဒဏ်ရာရတဲ့သူတွေ ဆေးကုသခံနေရတယ်” ဟု ဒေသခံ တဦးက မဇ္စျိမကို ပြောသည်။

ကျေးရွာအတွင်းသို့ လက်နက်ကျည် ကျရောက်ပေါက်ကွဲသဖြင့် အသက် ၆၃နှစ်အရွယ် ဒေါ်မြသန်း ၊အသက်၅၈နှစ်အရွယ် ဒေါ်ရွှေမှီ ၊အသက် ၅၀နှစ်အရွယ် ဒေါ်ဌေးမြင့်နှင့် အသက် ၇၈နှစ်အရွယ် ဦးဖိုးရှင်တို့ သေဆုံးခဲ့ပြီး ကလေးသူငယ်များအပါအဝင် ဒဏ်ရာရသူ ၁၅ဦးခန့်ရှိပြီး ဆေးကုသမှုခံယူနေရကြောင်း ဆိုသည်။

၎င်းအပြင် နေအိမ်တလုံး ပျက်စီးသွားပြီး နွားအပါအဝင် အိမ်မွေးတိရစ္ဆာန်များ သေဆုံးထိခိုက်ဒဏ်ရာရရှိကာ ဒေသခံများလည်း တိမ်းရှောင်နေရကြောင်းသိရသည်။

ယမန်နေ့ နံနက် ၆နာရီ ၅၀မိနစ်အချိန်ကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကား လေးစီးဖြင့် အောင်ဇေယျမြို့သစ်သို့ရောက်လာပြီး ၎င်းမှတဆင့် ပျူစောထီးအခြေစိုက်ထားသည့် ဘန့်ဘွေးရွာဖက်သို့ စစ်ကြောင်းထိုးလှုပ်ရှားမှုများ ရှိနေကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၈ရက်နေ့ကလည်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှ ထွက်ခွာလာသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများသည် နဘူးတောကျေးရွာကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ရာ ဒေသခံတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။

စာတည်း- သန့်ဇော်(သန်လျင်)