ကောလင်း ၃ရက်ဆက်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်ပြီး ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီး

ရွှေနွယ်

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၌ ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မွန်းတည့် ၁၂ နာရီခန့်မှစတင်၍ စစ်ကောင်စီမှ လေကြောင်းမှတိုက်ခိုက်ကာ ကျေးရွာအချို့ကိုလည်း မီးရှို့ဖျက်ဆီးနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှသိရသည်။

“တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ကောလင်းနယ်အတွင်း အကြီးဆုံးပွဲဟုသိရ” ဟု ကောလင်းမြို့သတင်းများကို ဖော်ပြပေးလျက်ရှိသည့် Kawlin Revolution-KR က ယနေ့ နံနက်ပိုင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းငါးကြောင်းခွဲ၍ ကောလင်းမြို့၏ အနောက်၊ တောင်၊ မြောက်မှ ဝိုင်းပတ်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့များမှလည်း မြို့ကို ခုခံကာကွယ်နေကြောင်းသိရသည်။

“ချနေတာပဲ။ (စစ်ကောင်စီ) အင်အား ၄၀၀ လောက်ရှိတယ်။ ကိုးတောင်ဘို့က” ဟု ကောလင်းမြို့မှ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်မှုနှင့်ပတ်သက်၍ ” ၁၂ နဲ့ ၃ နာရီကြားထဲမှာ လေယာဉ်နဲ့လာပြီးတော့မှ ကြဲတာ။ နှစ်စီးဗျ။ ကုက္ကိုကုန်းဘက်ပါမယ်” ဟု စစ်ရေးသတင်းရင်းမြစ်တဦးကဆိုသည်။

ကောလင်းမြို့ ပတ်ပတ်လည်တွင် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးအင်အားမှာ ၈၀၀ ခန့်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှသိရသည်။ယနေ့ ညနေတွင်ကောလင်းမြို့၏ တောင်ဘက်ခြမ်း နှစ်မိုင်ခန့်အကွာတွင် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ကောလင်းမြို့နယ်အတွင်းရှိ ဇီးခုံရွာ၊ ဆီဆုံရွာနှင့် ဂုံညှင်းလျှိုရွာတို့ကိုလည်း စစ်ကောင်စီစစ်ကြောင်းများက မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။ မီးလောင်ဆုံးရှုံးမှုအခြေအနေအသေးစိတ်ကိုမူ မသိရှိရသေးပေ။ထို့အပြင် တိုက်ပွဲအတွင်းထိခိုက်သေဆုံးမှုသတင်းများအား လတ်တလော မရရှ်ိသေးပေ။

တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေများကို မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ကောလင်းမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီစစ်ကြောင်းသည် ကျားဘီလူးစစ်ကြောင်းဟု စစ်ကောင်စီကိုထောက်ခံရေးသားလျက်ရှိသည့် တယ်လီဂရမ်ချန်နယ်များတွင် ယနေ့ ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။ စစ်ကောင်စီကမူ တရားဝင်ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးပေ။

ခရိုင်အဆင့်မြို့ကြီးဖြစ်သည့် ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၆ ရက်နေ့တွင် အမှတ်(၁)စစ်ဒေသ၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ကောလင်းမြို့ကို ဖေဖော်ဝါရီ ၄ရက်နံနက်မှစတင်၍ ကန့်ဘလူနှင့် ဝန်းသိုမြို့ဘက်မှ

စစ်ကောင်စီက စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ယနေ့သည်တိုက်ပွဲသုံးရက်မြောက်ဖြစ်ပြီး မြေပြင်တိုက်ပွဲများဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီကလေကြောင်းမှပါတိုက်ခိုက်နေခြင်းဖြစ်သည်။ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများနှင့် စစ်ဘေးရှောင်သတင်းများကိုဖော်ပြနေသည့် Kawlin Infoက ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း