တံတားဦးတွင် ပြည်သူ့စစ်သင်တန်းဆင်း ပျူ ၂ဦး ပစ်ခတ်ခံရပြီး သေဆုံး

တံတားဦးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေး
ရဲဘော်တဦး တိုက်ပွဲ၀င်နေပုံ/Photo တံတားဦးပကဖ

007၊008

(မဇ္စျိမ) ။ ။ မန္တလေးတိုင်း၊ကျောက်ဆည်ခရိုင်၊တံတားဦးမြို့နယ်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ညက ပြည်သူ့စစ်သင်တန်းဆင်းပျူစောထီးအဖွဲ့၀င်နှစ်ဦးပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

“ည ၁၀ နာရီလောက်ကြီး PDF တွေကလာပစ်သွားတာ။ နှစ်ဦးစလုံးပွဲချင်းပြီးသေပါတယ်။ နှစ်ဦးစလုံးက ပြည်သူ့စစ်သင်တန်းဆင်းလာတာသိပ်မကြာသေးဘူး” ဟု တံတားဦးမြို့ခံသတင်းရင်းမြစ်ကပြောသည်။

သေဆုံးသူနှစ်ဦးမှာ တံတားဦးမြို့နယ်၊ပေါက်မြိုင်ကျေးရွာမှ နိုင်၀င်းနှင့်မွန်ကျော်တို့ဖြစ်ကြောင်း သိရသည်။၎င်းတို့နှစ်ဦးသည်ပြည်သူ့စစ်သင်တန်းဆင်းပြီးချိန်မှစ၍ မြို့နယ်အတွင်း၌ စစ်ကြောင်းတိုင်းတွင်လိုက်ပါခြင်း၊ စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ပြည်သူကိုအနိုင်ကျင့်ခြင်း၊ တော်လှန်ရေးအင်အားစုများ၏မိသားစုများနေထိုင်ရာနေအိမ်များကို ကိုယ်တိုင်လိုက်ပြ၍ရှာဖွေဖမ်းဆီးစေခြင်း၊ တော်လှန်ရေးအင်အားစုများ၏လှုပ်ရှားမှုသတင်းများကို စစ်ကောင်စီတပ်ထံပို့ခြင်းတို့လုပ်ဆောင်နေသဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း တံတားဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယ‌နေ့ ဖေဖော်ဝါရီ ၆ရက်တွင် သတင်းထုတ်ပြန်သည်။

” ပြည်သူလူထုကြုံတွေ့နေရတဲ့ ဒုက္ခတွေပြေလည်စေဖို့နဲ့ တော်လှန်ရေးအင်အားစု‌တွေရဲ့လှုပ်ရှားမှုတွေ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး သူတို့နှစ်ဦးကိုရှင်းလင်းခဲ့ရတာဖြစ်တယ်”ဟု တံတားဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးကမဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်နှင့်ပူးပေါင်းပြီး ပြည်သူကိုဒုက္ခပေးသူ၊ တော်လှန်ရေးဆိုင်ရာသတင်းအချက်အလက်ကို စစ်ကောင်စီတပ်ထံပေးပို့သူများအား ဆက်လက်ရှင်းလင်းသွားမည်ဟု ၎င်းက သတိပေးသည်။
တံတားဦးမြို့နယ်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၆ ရက်နေ့ညကလည်း ပြည်သူ့စစ်သင်တန်းတက်ရန် ဒေသအတွင်းစည်းရုံးလှုံ့ဆော်နေသည်ဟု သတင်းထွက်ပေါ်နေသော ကြံ့ခိုင်ရေးပါတီ၀င်သုံးဦး ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့သည်။

စာတည်း – အေးချမ်း