နိုင်ငံရေးပန်းတိုင်ရောက်ရှိရေး KIO နဲ့အတူ တိုက်ပွဲဝင်သွားမည်ဟု CNF ထုတ်ပြန်

ပုံအညွှန်း – KIA ရဲဘော်တဦး။

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းနှင့် ကချင်အမျိုးသားများအပါဝင် တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသော နိုင်ငံရေးပန်းတိုင်ရောက်ရှိရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်/တပ်မတော်(KIO/KIA)နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး/တပ်မတော်(CNF/CNA)က ဖေဖော်ဝါရီလ ၅ရက် ယမန်နေ့တွင်ထုတ်ပြန်သည်။

ဗမာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ပြီး ကချင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးအသီးသီး အမျိုးသားတန်းတူရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် KIO/KIA က လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့ပြီး ဖေဖော်ဝါရီလ ၅ရက်နေ့ကျရောက်သည့် ၆၃နှစ်မြောက် ကချင်တော်လှန်ရေးနေ့တွင် ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“KIO/KIA က ဘဝတူတိုင်းရင်းသားလက်နက်ကိုင် အများစုကို စစ်ရေးနိုင်ငံရေးမှာ ဦးဆောင်လာခဲ့တဲ့ အဖွဲ့အစည်းဆိုတာ ငြင်းလို့မရဘူး၊ ကျနော်တို့ စီအဲန်အက်ဖ် ဆိုယင် KIO/KIA ကနေပဲ စစ်ပညာကိုဆည်းပူး စတင်ခဲ့တာပဲ၊ ခေါင်းဆောင်တွေရဲ့နိုင်ငံရေးပါးနပ်မှု၊ ရပ်တည်ချက် ယုံကြည်ချက် ခိုင်မာပြတ်သားမှုကိုလေးစားတယ်” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောသည်။

၆၃နှစ်တာကာလအတွင်း အသက်၊ သွေး၊ ချွေးရင်းပြီး စတေးခဲ့ကြသော ကချင်တော်လှန်ရေးအာဇာနည် ရဲဘော်ရဲမေများ ၊ ကချင်အမျိုးသားပြည်သူများအား ဦးညွတ်ဂါရဝပြုကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ကာလသည် စစ်အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် ညီနောင် ဗမာလူမျိုးများအပါအဝင် တိုင်းရင်းသား လူမျိုးအသီးသီးက လက်နက်စွဲကိုင်တိုက်ခိုက်နေသည့် တော်လှန်ရေး အရှိန်အဟုန်အမြင့်ဆုံးအချိန်ဖြစ်ကြောင်းဆိုသည်။

ယင်းတော်လှန်ရေးတိုက်ပွဲတွင် KIO/KIA ၏ စစ်ရေး နိုင်ငံရေးရပ်တည်ချက်ခိုင်မာမှု ၊ ဦးဆောင်ဦးရွက်ပြုမှု ၊ မဆုတ်နစ်သောစိတ်ဓာတ်ကို လေးစားဂုဏ်ပြုကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပင်လုံကတိကဝတ်ဖောက်ဖျက်ပြီး ကချင်အမျိုးသားများအပေါ် ဖိနှိပ်မှုများကြောင့် စစ်အာဏာရှင်စနစ်ကို တော်လှန်ရန် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ၁၉၆၁ခုနှစ် ဖေဖော်ဝါရီလ ၅ရက် နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်မတော် (CNA)သည် KIO/KIA ထံတွင် စစ်ပညာသင်ယူခဲ့ပြီး ချင်းပြည်နယ်အတွင်း စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်လျက်ရှိနေကာ ချင်းပြည်နယ်ပြင်ပတွင်လည်း မဟာမိတ်များနှင့် ပူးပေါင်း၍ လက်နက်ကိုင် တိုက်ပွဲဝင်နေသည့်အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)