ဆုတ်ယုတ်ကျဆင်းမှုများ တိုးလာသော်လည်း အပြောင်းအလဲပြုလုပ်ရန် ရှီကျင့်ဖျင် ငြင်းဆန်နေဆဲ

The Economic Times:-

တရုတ်သမ္မတရှီကျင့်ဖျင်သည် တရုတ်နိုင်ငံအား အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်ခဲ့သည့် ၎င်း၏ ပထမ ဆယ်စုနှစ်အတွင်း ပြိုင်ဘက်ကင်း ဖြစ်ခဲ့သည်။ ၎င်းအပေါ် လူကြိုက်များမှုနှင့် အင်အားအနေအထားများအရ အစဉ်အလာကို ချိုးဖောက်ပြီး တတိယ သမ္မတရာထူးသက်တမ်းကို ရယူခဲ့ကာ ၎င်း၏ သစ္စာခံများကို အစိုးရထိပ်တန်းရာထူးများတွင် ခန့်အပ်နိုင်ခဲ့သည်။ သို့သော် လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးပြဿနာများနှင့် နိုင်ငံတကာ၏ ပြင်းပြင်းထန်ထန် ဆန့်ကျင်တုံ့ပြန်မှုများကြောင့် ၎င်း၏ဂုဏ်သတင်းကျော်‌စောမှုမှာ မှေးမှိန်စပြုလာနေပြီ ဖြစ်သည်။

ရှီကျင့်ဖျင်၏ အခြေအနေကို ဆန်းစစ်ဖော်ထုတ်သည့် နှီးနှောဖလှယ်ပွဲတစ်ခုအား “Xi Jinping: The Hidden Agendas of China’s Ruler for Life” စာအုပ်ကို ရေးသားခဲ့သူဖြစ်ပြီး အမေရိကန်ရှိ ဂျိမ်းစ်တောင်းဖောင်ဒေရှင်း ၏ အကြီးတန်းပညာရှင်လည်းဖြစ်သူ ဝီလီဝို-လပ်လမ်က ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပခဲ့သည်။ “ရှီသည် မိမိကိုယ်ကိုယ် တရုတ်ကွန်မြူနစ်ပါတီတွင် နံပါတ်(၁)မဟုတ်လျှင်ပင် နံပါတ်(၂) အရေးပါဆုံး ခေါင်းဆောင်ဖြစ်သည်ဟု ယူဆထားသည်။ ပါတီအကျိုးဆောင်ရွက်မှုတွင် တိန်ရှောက်ဖိန်ထက် သာလွန်ကြောင်း၊ မိမိကိုယ်ကိုယ် ၂၁ ရာစု မော်စီတုန်းအဖြစ် အထင်ရောက်နေကြောင်း လမ်က သုံးသပ်ခဲ့သည်။

ရှီအနေဖြင့် သမ္မတရာထူးသက်တမ်းကို လေးကြိမ်ထက်ပို၍ ထမ်းဆောင်နိုင်ခြေမရှိသော်လည်း အရေးပါဆုံး ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌရာထူးကို ရယူထားပြီး အာဏာကို နောက်ကွယ်မှ ဆက်လက်ချုပ်ကိုင်ထားမည်ဟု ယူဆကြောင်း လမ်က ခန့်မှန်းခဲ့သည်။

ခေါင်းမာသော ရှီကျင့်ဖျင် အာဏာရလာသည့် ၂၀၁၂ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီတွင် အဓိက အုပ်စုနှစ်ခုကွဲနေခဲ့သည်။ “ရှီရဲ့ အကြီးမားဆုံး အောင်မြင်မှုက ပါတီတွင်းမှာရှိတဲ့ အဲ့ဒီအုပ်စုနှစ်ခုကို အနိမ့်ဆုံးအနေနဲ့ တစိတ်တပိုင်းဖြိုခွင်းဖို့ ဖယ်ထုတ်ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု လမ်က ထောက်ပြခဲ့သည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၌ အကြိမ် ၂၀ မြောက် ပါတီညီလာခံ ကျင်းပချိန်တွင် ပါတီဝင်အားလုံး၏ ၈၀ မှ ၉၀ ရာခိုင်နှုန်းမှာ ရှီကိုထောက်ခံသည့် အုပ်စုတွင်ပါဝင်လာခြင်းသည် ရှီအထူးကျွမ်းကျင်ပုံရသည့် အင်မတန်အောင်မြင်ခဲ့သော မက်ချီယာဗယ်လီယံပုံစံ နိုင်ငံရေးလှည့်ကွက်များကို ဖော်ပြနေသည်။ သို့သော် ၎င်းကို တရုတ်ကွန်မြူနစ်ပါတီဝင်အားလုံးက သဘောကျလက်ခံခြင်းတော့ မဟုတ်ပေ။

“ရှီကျင့်ဖျင်ဟာ သူတာဝန်ယူခဲ့တဲ့ ၁၁ နှစ်အတွင်း ကျန်ဇီမင်းနဲ့ ဟူကျင်းတောင်တို့ထက် ရန်သူပိုများခဲ့ပါတယ်။ ဒါပေမဲ့ ရှီဟာ ပထမ ၁၀ နှစ်အတွင်း အလွန်အောင်မြင်ခဲ့တဲ့အတွက် သူ့ရဲ့ လက်ရှိအဓိက ပြိုင်ဘက်တွေဟာ ဒုတိယမျိုးဆက်ခေါင်းဆောင်တွေလို့ခေါ်တဲ့ ပြိုင်ဘက်အဖွဲ့တွေထဲမှာ ရှိမယ်လို့ ထင်ပါတယ်” ဟု လမ်က ပြောကြားခဲ့သည်။

သို့သော် ၁၉၇၁ ခုနှစ်တွင် ဟင်နရီကစ်ဆင်ဂျာ တရုတ်နိုင်ငံသို့ လာရောက်ခဲ့ချိန်မှစ၍ တရုတ်နှင့် အမေရိကန်ကြား ဆက်ဆံရေး အဆိုးရွားဆုံး အနေအထားသို့ ရောက်ရှိနေသည့်တိုင် ၎င်း၏ ပြိုင်ဘက်များ သို့မဟုတ် ရှန်ဟိုင်းဂိုဏ်းကဲ့သို့သော အုပ်စုလက်ကျန်များသည် အရင်းအမြစ်များကို စုစည်းပြီး ရှီကို ရင်ဆိုင်ရန် စုဖွဲ့နိုင်ခြင်း မရှိသေးပေ။ အဆိုပါ အခြေအနေဆိုးများ ပေါ်ပေါက်နေခြင်းကို ဝမ်းသာမည့်သူများ ရှိနေနိုင်သည်။ သို့မှသာ ရှီကျင့်ဖျင်ကို တိုက်ခိုက်ရာတွင် ၎င်းတို့ကို လက်နက်အဖြစ် ထိထိရောက်ရောက် အသုံးချနိုင်မည် ဖြစ်သည်။ သို့သော် ရှီကျင့်ဖျင်မှာမူ စီးပွားရေးကိုဖြစ်စေ၊ ပထဝီနိုင်ငံရေးကိုဖြစ်စေ ခေါင်းထဲ သိပ်မထည့်ထားပေ။

မည်သို့ပင်ဖြစ်စေ လွန်ခဲ့သည့် နှစ်ဝက်အတွင်း အလွန်ထူးခြားသည့် အဖြစ်အပျက်များ ဖြစ်ပွားခဲ့ကြောင်း အစိုးရဝန်ကြီးနှစ်ဦးနှင့် တရုတ်စစ်တပ်၏ ဒုံးကျည်တပ်ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ ပျောက်ဆုံးမှုများကို ဥပမာပေးကာ ဝီလီ ဝို-လပ် လမ်က ပြောကြားခဲ့သည်။

အဆိုပါ အရာရှိများကို ဖယ်ရှားရသည့် အဓိကအကြောင်းအရင်းမှာ ၎င်းတို့သည် ကာကွယ်ရေးဝန်ကြီးဟောင်း လီရှန်ဖုနှင့် တရုတ်စစ်တပ်၏ ဒုံးကျည်တပ်ဖွဲ့၊ စစ်လက်နက်ထုတ်လုပ်ရေးဌာနနှင့် အာကာသအစီအစဉ်များနှင့် ဆက်စပ်နေခြင်းကြောင့်ဖြစ်ကြောင်း Asia Society Policy Institutes ရှိ တရုတ်ဆန်းစစ်လေ့လာရေးဆိုင်ရာ ဌာနမှ နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတော်လုံခြုံရေး အကြီးတန်းပညာရှင် လိုင်မောရစ်က ပြောကြားခဲ့သည်။

တရုတ်စီးပွားရေးမှာလည်း ဆက်လက်ကျဆင်းနေပြီး ရှီအတွက် ပြဿနာများကို ပိုမိုဆိုရွားလာစေသည်။ ပညာတတ်လူတန်းစား အလုပ်သမားများ၏ ဝင်ငွေသည် ပြီးခဲ့သည့်နှစ်အတွင်း ၃၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း တရုတ် အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းက ကောက်ယူခဲ့သည့် စစ်တမ်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံကို ရှီကျင့်ဖျင် ဦးတည်ခေါ်ဆောင်သွားနေသည့် လမ်းကြောင်းသည် ၎င်းကိုယ်တိုင်နှင့် နိုင်ငံအတွက် ပြဿနာများ တိုးလာစေသည်။ ဖြုတ်ချခံ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကျင်ဂန်းသည် တရုတ်ခေါင်းဆောင်သစ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့ဖူးသော်လည်း ရှီသည် ယခုတိုင် ၎င်းအား ဆက်ခံမည့်သူကို ရွေးချယ်ထားခြင်း မရှိသေးကြောင်း၊ ၎င်းသည် ထာဝရ ရှင်သန်ရပ်တည်နိုင်မည်ဟု ရှီက အထင်ရောက်ရောက်နေကြောင်း လမ်က ပြောကြားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ရှီသည် ရရှိထားသည့် အနေအထားကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ပြီး လုပ်ကိုင်ပုံပြောင်းလဲရန် တောင်းဆိုမှုများကို ခေါင်းမာစွာ ငြင်းဆန်တတ်သူမျိုးဖြစ်သည်။ ကံမကောင်းစွာပင် ရှီသည် တရုတ်နိုင်ငံကို ကျရှုံးမှုဆီသို့ ဆွဲခေါ်သွားနေပြီး လူအများအပြားက သဘောကျနှစ်ခြိုက်မှု မရှိနိုင်သော်လည်း ၎င်းတို့ ဘာမျှတတ်နိုင်မည်မဟုတ်ပေ။