မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့များကို AA က နယ်မြေစိုးမိုးမှုရ

ဓါတု

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်မြောက်ဘက်ခြမ်းရှိ မင်းပြား၊ ကျောက်တော်၊မြောက်ဦးမြို့များအား ရက္ခိုင့်တပ်တော်(AA)မှနယ်မြေစိုးမိုးမှုရထားကြောင်း AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်နှင့် ဒေသခံများထံသိရသည်။

အဆိုပါမြို့များသည် စစ်တွေ- ရန်ကုန် အဝေးပြေး ကားလမ်းကြီးပေါ်တွင် တည်ရှိသည့် အရေးပါသော မြို့များဖြစ်၍ လက်ရှိအခြေအနေအရ AA မှ ထိန်းချုပ်ထားနိုင်ကြောင်း AA နှင့်နီးစပ်သည့်သတင်းရင်းမြစ်တဦးက မဇ္စျိမကိုပြောသည်။

“မင်းပြားဘက် အရင်ကစစ်ကောင်စီရဲ့ (၃၈၀)တပ်ရင်းသိမ်းလိုက်တာရယ်၊ မနေ့က တပ်ရင်း နှစ်ရင်းရယ် စုစုပေါင်း တပ်ရင်း သုံးရင်းလုံးကို ဒီဘက်ကအပြီးသတ်ချေမှုန်းလိုက်တယ်ဆိုတော့ မင်းပြားဘက် စစ်ကောင်စီတပ်ကုန်ပြီပေါ့။ ပြီးတော့ လက်နက်ချအညံ့ခံတာတွေလည်း ရှိတယ်။ မြောက်ဦးရောပဲ။ ကျောက်တော်အခြေအနေက မနေ့ကပြီးဆဲပါ၊ အခုလည်းပြီးလောက်တဲ့ အခြေအနေပါ။ အခု မောင်တောနဲ့ ရသေ့တောင်ဘက်လည်းတိုက်နေတာဆိုတော့ စစ်တွေတခုပဲ တိုက်ဖို့ကျန်တယ် “ဟု၎င်းကပြောသည်။

အဆိုပါ AA မှ ထိန်းချုပ်ထားနိုင်သည့် ဒေသများသို့ ရက္ခိုင့်တပ်တော်ဘက်မှ နယ်မြေရှင်းလင်းမှု၊ မိုင်းရှင်းလင်းမှုနှင့် စစ်ကောင်စီတပ်၏ လေကြောင်းမှထပ်မံတိုက်ခိုက်လာနိုင်သည့်ရန်ကြောင့် ဒေသခံအရပ်သားများအား မြို့ပေါ်အဝင်မခံသေးကြောင်း ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

အဆိုပါ ဒေသများအပြင် မြေပုံမြို့နယ်နိမိတ်တွင်ပါဝင်သည့် ယောချောင်း(ရွာသာရွာ ကျေးရွာ)ကိုလည်း ရက္ခိုင့်တပ်တော်မှ ယနေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက်တွင် နယ်မြေစိုးမိုးမှုရထားကြောင်း ယင်းမြို့နှင့် နီးစပ်သည့်ဒေသခံ တဦးကပြောသည်။

” AA ဘက်က တရားဝင်ထုတ်ပြန်ထားတာမရှိပေမယ့် လက်ရှိအချိန်ထိကတော့ မနက်ကတခြားမြို့တွေက ဒေသခံတွေနဲ့အဆက်သွယ်ရတာ ကျောက်တော်၊ မြောက်ဦး ၊မင်းပြားအပြင် ယောချောင်း(ရွာသာယာ)ဘက်လည်း AA ရထားတယ်ပြောတယ်။ ယောချောင်းဆိုတာ မြေပုံမြို့နယ်ဧရိယာထဲပါပေမယ့် မင်းပြားနဲ့အမ်းနဲ့ကြားထဲမှာပါ။ မြို့ပေါ်ကလူတွေကို AA ကမဝင်မခံသေးဘူး။ ဘာလို့လဲဆိုတော့ လေကြောင်းကနေပစ်ခတ်တာတွေရှိနိုင်သေးလို့ မိုင်းတွေရှင်းလင်းရမှာရှိတယ်။ အဲ့ဒီလိုစိုးရိမ်မှုကြောင့်ဂိတ်တွေပိတ်ချထားတယ်လို့ ကြားတယ်၊ ရမ်းဗြဲတော့ AA မရသေးဘူး ” ဟု ဒေသခံတဦးက ပြောသည်။

ပထဝီမြေပြင်အနေအထားအရ ရခိုင်ပြည်နယ်မြောက်ဘက်ခြမ်းလမ်းကြောင်းတကြောသည် အဓိကကျသည့် ရန်ကုန်-စစ်တွေလမ်းမပေါ်တွင်တည်ရှိ၍ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးတို့မှာ တမြို့နှင့်တမြို့ နယ်နိမိတ်ချင်းထိစပ်နေသဖြင့် ရက္ခိုင့်တပ်တော်(AA)မှ နယ်မြေအသာစီးရထားနိုင်ခြင်းဖြစ်ကြောင်း ဝါရင့်နိုင်ငံရေးသမားဖြစ်သည့် ရခိုင်ဒေသခံဦးဖေသန်းက သုံးသပ်ပြောကြားသည်။

“အဲ့ဒီလမ်းကြောင်းတွေက ပြည်ထောင်စုလမ်းပေါ်ရှိတာပေါ့။ ပြီးတော့မြို့​တွေကဆက်စပ်နေတယ်။ ပလက်ဝလည်း တောက်လျှောက်မင်းပြားအထိလမ်းပွင့်သွားပြီလို့ ပြောလို့ရတယ်၊ တိုက်ပွဲမှာလောလောဆယ်မြင်နေရတာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိန္ဒိယဘက်၊ ဘင်္ဂလားဘက်တို့ စစ်ပြေးခိုလှုံတာတွေ၊ AAဆီမှာလက်နက်ချတာတွေ ရှိလာတဲ့အတွက် စခန်းတွေလက်လွှတ်လိုက်ရတယ်၊ လက်နက်အင်အား၊ စိတ်ဓါတ်အင်အား၊ ပြည်သူထောက်ခံမှုအင်အားမရတဲ့ စစ်ကောင်စီဟာ တော်တော်လေးအားနည်းနေသလို ယုံကြည်မှုလည်းနည်းနေတယ်၊ အသေခံချတာမရှိသလောက်ပဲ၊ ဒီအတိုင်းဆိုရင် ရခိုင်မြောက်ပိုင်း အလယ်ပိုင်းကို ဒီမိုးမကျခင်လောက်မှာ AA က အကုန်လုံးစိုးမိုးနိုင်တဲ့ အနေအထားရှိတယ်”ဟု ၎င်းကသုံးသပ်ပြောကြားသည်။

အဆိုပါဖြစ်စဥ် အခြေအနေများနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရ ခိုင်သုခအား ဆက်သွယ်မေးမြန်းရာတွင် မအားလပ်သေးသောကြောင့် ဖြေကြားပေးခြင်းမရှိသေးပေ။

လက်ရှိ အနေအထားအရ ချင်း-ရခိုင် နယ်နိမိတ်ထိစပ်နေသော ပလက်ဝဒေသကို ယခုနှစ် ဇန်နဝါရီလလယ်ပိုင်းမှ စတင်ပြီး ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားသည်။

ထို့ပြင် အကြီးအကျယ် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှု ကြုံခဲ့ရသည့် ပေါက်တောမြို့ကိုလည်း အပြီးတိုင် သိမ်းပိုက်လိုက်ပြီဟုပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က ကြေညာခဲ့သည်။

စစ်ကောင်စီ၏ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ- ၉) လက်အောက်ခံတပ်ရင်းများအား ရက္ခိုင့်တပ်တော် (AA)မှ တပ်ရင်းတခုပြီးတခု သိမ်းပိုက်ထားနိုင်သည့်အတွက် စစ်ကောင်စီတပ်သားများမှာ နယ်စပ်နိုင်ငံများသို့ ရာနှင့်ချီထွက်ပြေးခိုလှုံနေကြကြောင်း AA မှထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်နေရာအနှံ့အပြားတွင် ရက် ၉၀ ကျော်ကြာမြင့်သည့် တကျော့ပြန်တိုက်ပွဲ၌ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲအရှိန်မြင့်တက်နေ၍ စစ်ရေးတင်းမာနေဆဲဖြစ်သည်။

မောင်တောမြို့၊ ရမ်းဗြဲကျွန်း၊ ရသေ့တောင်မြို့တို့တွင် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)