နိုင်ငံတကာဥပဒေကို ဖျက်ဆီးရန် ရည်ရွယ်သည့် တရုတ်၏ ဘက်ပေါင်းစုံမှ ဖိအားပေး အကျပ်ကိုင်မှု

Photo:Crd

Indo-Pacific Defense Forum:-

နိုင်ငံတကာလေပိုင်နက်တွင် တိုက်လေယာဉ်များဖြင့် အန္တရာယ်မကင်းသော ကြားဖြတ်ဟန့်တားမှု ပြုလုပ်ခြင်းနှင့် ပင်လယ်ပြင်အတွင်း အန္တရာယ်များသည့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းတို့အတွက် တရုတ်စစ်တပ်ကို နိုင်ငံတကာခေါင်းဆောင်များက ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ထို့ပြင် အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ရေပိုင်နက်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရေကြောင်းပြည်သူ့စစ်များ၏ ရန်လိုသည့် လုပ်ရပ်များကိုလည်း ရှုတ်ချခဲ့ကြသည်။

ဖိအားပေးအကျပ်ကိုင်ခြင်းနှင့် အန္တရာယ်များသော လုပ်ရပ်များသည် နိုင်ငံများအနေဖြင့် နိုင်ငံတကာဥပဒေက ခွင့်ပြုထားသော နေရာများတွင် ဘေးကင်းလုံခြုံစွာ လေယာဉ်ပျံသန်းခြင်း၊ သင်္ဘောခုတ်မောင်းခြင်းနှင့် လှုပ်ရှားဆောင်ရွက်ခြင်းတို့ မလုပ်ဝံ့အောင် ကြိုးပမ်းသည့် ဟန်ချက်ညီဆောင်ရွက်မှု၏ တစိတ်တပိုင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာန၏ ၂၀၂၃ ခုနှစ်အတွက် တရုတ်၏ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ မီးခိုးရောင်နယ်မြေ နည်းဗျူဟာ၏ ရည်မှန်းချက်မှာ တရုတ်က အငြင်းပွားတောင်းဆိုထားသည့် နယ်မြေအနီးတွင် ဥပဒေနှင့်ညီသော စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရေးအတွက် အမေရိကန်နှင့် အခြားနိုင်ငံများကို ဖိအားပေးရန်ဖြစ်သည်။ အဆိုပါ အငြင်းပွားတောင်းဆိုမှုများသည် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် နယ်မြေထက် ပို၍ များပြားလာသည်။

ထိပ်တိုက်တွေ့ဆုံမှုများလည်း တိုးလာနေသည်။ တရုတ် တိုက်လေယာဉ်မှူးများသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အကြား မဆင်မခြင် မောင်းနှင်သည့် အကြိမ်ရေ ၁၈၀ ရှိခဲ့ပြီး လွန်ခဲ့သည့် ၁၀ နှစ်ပေါင်းထက် ပိုများကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။ အရှေ့နှင့် တောင်တရုတ်ပင်လယ်များတွင် အမေရိကန်စစ်လေယာဉ်များအနီးမှ ချဉ်းကပ်မောင်းနှင်ခြင်းများ ပါဝင်သည်။

တရုတ်သည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း အမေရိကန်၊ ၎င်း၏ မဟာမိတ်များနင့် မိတ်ဖက်နိုင်ငံများမှ လေယာဉ်များကို ဖိအားပေးအကျပ်ကိုင်ကာ အန္တရာယ်များသည့် ကြားဖြတ်ဟန့်တားမှု အကြိမ်ရေ ၃၀၀ နီးပါး ပြုလုပ်ခဲ့ကြောင်း အင်ဒို-ပစိဖိတ်လုံခြုံရေးဆိုင်ရာ အမေရိကန် လက်ထောက်ကာကွယ်ရေးဝန်ကြီး အယ်လီရက်တနာက ပြောကြားခဲ့သည်။

တရုတ်တိုက်လေယာဉ်မှူးများသည် အမေရိကန်လေယာဉ်များနှင့် မီတာအနည်းငယ်အကွာမှ မောင်းနှင်ခဲ့ကြောင်း မကြာသေးမီက ထွက်ပေါ်လာသည့် ဓာတ်ပုံနှင့် ဗီဒီယိုများတွင် တွေ့ရသည်။ ဩစတြေးလျနှင့် ကနေဒါတို့သည်လည်း အလားတူ အန္တရာယ်များသည့် ကြားဖြတ်ဟန့်တားမှုမျိုး ကြုံခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် တရုတ်အစိုးရသည် ဂျပန်နှင့် ဖိလစ်ပိုင်တို့ အပါအဝင် နိုင်ငံများကို ဖိအားပေးအကျပ်ကိုင်မှု တိုးမြှင့် လုပ်ဆောင်လာခဲ့သည်။

တရုတ်က အငြင်းပွားတောင်းဆိုထားပြီး သိမ်းပိုက်ရန် ခြိမ်းခြောက်ထားသည့် ဂျပန်က ထိန်းချုပ်ထားသော ဆင်ကာကူကျွန်းများနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ် နှစ်စပိုင်းတွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။ တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့များသည် ဂျပန်ငါးဖမ်းသင်္ဘောများ၊ ကင်းလှည့်ရေယာဉ်များနှင့် ပြဿနာဖြစ်ခဲ့ပြီး ဂျပန်လေယာဉ်များကို အဆိုပါ နယ်မြေမှ ထွက်ခွာသွားရန် သတိပေးခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်လာခြင်းဖြစ်သည်။ တရုတ်၏ ဗျူဟာမှာ ကျွန်းများနှင့်ပတ်သက်၍ ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ရန်နှင့် ဆက်လက်ဖိအားပေးထားနိုင်ရန်ဖြစ်ပြီး စစ်ရေးပဋိပက္ခအန္တရာယ် တရစပ်ရှိခြင်းဖြင့် ဂျပန်ကိုခြိမ်းခြောက်နိုင်ရန် မျှော်လင့်ထားခြင်း ဖြစ်သည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ရေကြောင်းပြည်သူ့စစ်များသည် တောင်တရုတ်ပင်လယ်တွင် တရုတ်က တရားမဝင် အငြင်းပွားတောင်းဆိုထားသည့် ဖိလစ်ပိုင်ရေပိုင်နက်အတွင်း ရေအမြောက်များ တပ်ဆင်ခြင်း၊ တားဆီးပိတ်ဆို့မှုများပြုလုပ်ခြင်း၊ နောက်ယောင်ခံခြင်းနှင့် အခြားအန္တရာယ်များသည့် လုပ်ရပ်များကို ပြုလုပ်ခြင်းတို့ ပုံမှန်လုပ်ဆောင်လျက်ရှိသည်။ ယခုနှစ် မတ်လအတွင်း တရုတ်ကမ်းခြေစောင့်တပ်က ရေအမြောက်များဖြင့် ပစ်ခတ်မှုကြောင့် ဖိလစ်ပိုင်သင်္ဘောသားလေးဦး ဒဏ်ရာရခဲ့သည်။ တရုတ်၏ ရန်လိုမှုများကို ဖိလစ်ပိုင်အစိုးရက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။

အစိုးရ အများအပြားသည် အရာအားလုံးကို ပုံမှန်အတိုင်း ဖြစ်စေချင်သောကြောင့် လူသိရှင်ကြားမဖြစ်စေဘဲ အသံတိတ်နေကြသည်ဟု စတန်းဖို့တက္ကသိုလ်မှ SeaLight ရေကြောင်းပွင့်လင်းမြင်သာမှုစီမံကိန်းဒါရိုက်တာ ရေမွန်ပေါင်ဝဲက ပြောကြားခဲ့သည်။ သို့သော် ပုံမှန်အခြေအနေသည် ဒေသတွင်းနှင့် အခြား အရှေ့တောင်အာရှနိုင်ငံများကို မျက်နှာသာပေးမှု ပို၍ ပို၍ လျော့နည်းလာသည်ဟု ၎င်းကဆိုသည်။

ထို့ကြောင့် မီးခိုးရောင်နယ်မြေဆိုင်ရာ လုပ်ဆောင်မှုများကို ပုံမှန်ဖြစ်အောင် ဆောင်ရွက်လေလေ တရုတ်က ပို၍ မျှော်လင့်လာလေလေဖြစ်ပြီး နောက်ဆုံးတွင် မိမိတို့၏ တရားဝင် နိုင်ငံတကာ အခွင့်အရေးများကို လက်လွှတ်ရခြင်းမှာ ပုံမှန်ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။