ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ကမ္ဘာ့ဝီဂါကွန်ဂရက်အမည်စာရင်း တင်သွင်းခံရ

အိမ်ဖြူတော်ရှေ့တွင် ဝီဂါအခွင့်အရေးအတွက် တောင်းဆိုနေသူများကို တွေ့ရစဉ်။

ANI

ဝီဂါလူမျိုးများ၏ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ကြိုးပမ်းနေသည့် ဂျာမနီအခြေ စိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် ကမ္ဘာ့ဝီဂါကွန်ဂရက် (WUC) ကို ဖေဖော်ဝါရီ ၇ရက်တွင် ၂၀၂၄ ခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းခံထားရသည်။

ယင်းသည် ၂၀၂၃ခုနှစ်တွင် အမည်စာရင်းတင်သွင်းခံရပြီးနောက် ဝီဂါအခွင့်အရေးအဖွဲ့အတွက် ဒုတိယအကြိမ် မြောက် နိုဘယ်ဆုအတွက် လျာထားခံရခြင်းဖြစ်သည်။

ကနေဒါပါလီမန်အမတ်နှင့် နိုင်ငံတကာလူ့အခွင့်အရေးဆပ်ကော်မတီ (SDIR) ဒုတိယဥက္ကဋ္ဌ ဘရူနယ်လီ ဒူဆက်ပီ၊ အီတလီ အထက်လွှတ်တော်အမတ်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း တာဇီတို့က နိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခဲ့ကြောင်း ကမ္ဘာ့ဝီဂါကွန်ဂရက်က သတင်းထုတ်ပြန်ခဲ့သည်။

“ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် နှစ်နှစ်ဆက်တိုက် အမည်စာရင်းတင်သွင်းခံရသည့်အတွက် ကမ္ဘာ့ဝီဂါကွန်ဂရက် က ဂုဏ်ယူမိပါသည်” ဟု ကမ္ဘာ့ဝီဂါကွန်ဂရက်ဥက္ကဋ္ဌ ဒိုလ်ခန်အိုင်စာက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဝီဂါများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများတိုးတက်ရေးနှင့် ပတ်သက်ပြီး ကမ္ဘာ့ဝီဂါကွန်ဂရက်၏ တန်ဖိုးရှိသော ကြိုးပမ်းမှုများကို ယင်းအမည်စာရင်းတင်သွင်းခံမှုက အသိအမှတ်ပြုခြင်းဖြစ်သည်။

ယင်းအမည်စာရင်းတင်သွင်းမှုက တရုတ်အစိုးရက ကျူးလွန်နေသည့် ဝီဂါများအား လူမျိုးတုံးသတ်ဖြတ်မှု အား ဆန့်ကျင်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်ကြောင်းကို အလေးပေးဖော်ပြသည့် အားကောင်းသော သတင်းစကားဖြစ်ကြောင်း အိုင်စာက ပြောကြားခဲ့သည်။

“နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ကမ္ဘာ့ဝီဂါကွန်ဂရက်ကို အဆိုပြုခြင်းက အာဏာရှင်စနစ်ဆန့်ကျင်ရေး အတွက် အားကောင်းသည့် သတင်းစကားတခုဖြစ်ပြီး၊ ဝီဂါများကို လူမျိုးတုံးသတ်ဖြတ်မှုအဆုံးသတ်ရန် အရေးတကြီး လိုအပ်ကြောင်းကို အလေးပေးဖော်ပြနေသည် ။တရုတ်ကွန်မြူနစ်ပါတီ (CCP) က ကျူးလွန် နေသည့် လူမျိုးတုံးသတ်ဖြတ်မှုမူဝါဒများကို နိုင်ငံတကာအသိုင်းအဝိုင်းက မသိကျိုးကျွန်ပြုမည့်အစား ဝီဂါ များအပေါ် တက်ကြွစွာအသိအမှတ်ပြုပြီး ရှုတ်ချရန် အရေးကြီးပါသည်” ဟု ကြေညာချက်တွင် ဖော်ပြထား သည်။

ဝီဂါများသည် ပြင်းထန်သောဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ယင်းတို့ရွေးချယ်ထားသော အကြမ်း မဖက်သောချဉ်းကပ်မှုကို အလေးထားပါကြောင်း ကမ္ဘာ့ဝီဂါကွန်ဂရက်ကို အမည်စာရင်းတင်သွင်းသည့် စာများတွင် ဖော်ပြထားသည်။

“ ဝီဂါများက ပြင်းထန်သည့် ဖိနှိပ်မှုများကို ရင်ဆိုင်ရချိန်တွင် ဝီဂါလူမျိုးများ ရွေးချယ်ထားသည့် အကြမ်းမဖက် သည့် ချဉ်းကပ်မှုကို နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်ပြုပြီး မြတ်နိုးသင့်သည်။ ထိုကြိုးပမ်းမှုကို လျစ်လျူမရှုသင့်ဘဲ ငြိမ်းချမ်းရေးနိုဘယ်ဆုသည် ဝီဂါအသိုက်အဝန်းအတွက် တန်ဖိုးမဖြတ်နိုင်သော အားပေးမှု ကို ဖြစ်စေလိမ့်မည် ဖြစ်သည်။” ဟု အမည်စာရင်းတင်သွင်းလွှာတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်အတွင်း၊ အရှေ့တာကစ္စတန်ရှိ တူရကီနွယ်ဝင်လူမျိုးများနှင့် ဝီဂါများကို တရုတ် ကွန်မြူနစ်ပါတီမှ ကြိုးကိုင်ထားသည့် ရုပ်ပိုင်းဆိုင်ရာ၊ ဘာသာရေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ် ချုပ်ချယ်မှုများအတွက် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုကို ကမ္ဘာ့ဝီဂါကွန်ဂရက်သည် သိသိသာသာ ဖော်ဆောင် ပေးခဲ့ကြောင်း အမည်စာရင်းတင်သွင်းလွှာတွင် ထပ်မံ ဖော်ပြထားသည်။ .

ကမ္ဘာ့ဝီဂါကွန်ဂရက်၏ အရေးပါသော လုပ်ဆောင်ချက်များကို အသိအမှတ်ပြုသည့်အတွက် ကနေဒါအမတ် ဘရူနယ်လီ ဒူဆက်ပီနှင့် အီတလီ အထက်လွှတ်တော်အမတ်တာဇီတို့ကို ကျေးဇူးတင်ရှိပါကြောင်း ကမ္ဘာ့ဝီဂါ ကွန်ဂရက်က ဖော်ပြခဲ့သည်။

ဝီဂါအသိုက်အဝန်း၏ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးကို မြှင့်တင်ရန် ကမ္ဘာ့ဝီဂါကွန်ဂရက ၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုခြင်းကြောင့် ၎င်းတို့၏ ပံ့ပိုးကူညီမှုကို အလွန်ဂုဏ်ယူမိပါသည်” ဟု ကမ္ဘာ့ဝီဂါ ကွန်ဂရက်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (ANI)