တရုတ်တွင် ချေးငွေပေးဆပ်ရန် ပျက်ကွက်မှုကြောင့် အမည်ပျက်စာရင်း သွင်းခံရသူ များပြား

The Economic Times

စီးပွားရေး ပြန်လည်ဦးမော့ရန် ရုန်းကန်နေရသော တရုတ်တွင် အလုပ်လက်မဲ့ဦးရေ များပြားနေပြီး ချေးငွေ ရယူထားသူ ဦး‌ရေကလည်း အရှိန်အဟုန်ဖြင့် တိုးလာနေကြောင်း Voice Of America က ဖော်ပြသည်။

တရုတ်တွင် ချေးငွေရယူထားသော လူဦးရေသည် ကပ်ရောဂါ ဖြစ်ပွားကတည်းက စံချိန်တင် မြင့်မားလာခဲ့ပြီး မြို့ဝင်ဂိတ်ကြေးပေးခြင်း မှ လေကြောင်းလိုင်းလက်မှတ် ဝယ်ယူခြင်း အထိ စီးပွားရေး လုပ်ဆောင်မှုများတွင် ချေးငွေအက်ပ် အသုံးပြု၍ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်သူ လူပေါင်း ၈ ဒသမ ၅၄ သန်းကို အာဏာပိုင်များက အမည်ပျက်စာရင်း သွင်းခဲ့သည်။

ချေးငွေပြန်ဆပ်ရန် ပျက်ကွက်သူ ဦးရေသည် ၂၀၂၀ အစောပိုင်းတွင် အလုပ်လုပ်နိုင်သော အသက်အပိုင်းအခြားရှိ လူဦးရေ (၁) ရာခိုင်နှုန်း၌ ၅ ဒသမ ၇ သန်း ထိ မြင့်တက်လာသည်။

အွန်လိုင်းငွေပေးချေမှု ပလပ်ဖောင်းများကို ငွေသားအစားထိုး အသုံးပြုပြီးနောက် တရုတ်တွင် Alipay နှင့် WeChat သည် အသုံးအများဆုံး ငွေပေးချေမှု နည်းလမ်းဖြစ်သည်။ စတိုးဆိုင်အများအပြားက ငွေသားပေးချေမှုကို ငြင်းဆိုခဲ့ကြပြီး အချို့သော အကြွေးပေးချေရန် ပျက်ကွက်သူများသည် အစားအသောက်ဝယ်ရန်ပင် ခက်ခဲလာသည်ဟု ဆိုသည်။ အမည်ပျက်စာရင်း သွင်းခံရသူများသည် အခြားချေးငွေများ ရရှိရန် ခက်ခဲပြီး အစိုးရဝန်ထမ်းအဖြစ် လုပ်ကိုင်ခွင့်ကိုပင် ပိတ်ပင်ထားသည်။

Changsha လုပ်ငန်းရှင် ဇန်ကွန်ဇီ သည် လွန်ခဲ့သည့် နှစ်နှစ် သုံးနှစ်ခန့် က အွန်လိုင်းမှ ချေးငွေများ စတင်ချေးယူခဲ့ပြီး ယခုအခါ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပေ။

“ကျွန်တော့်မှာ ယွမ် ၁၀၀,၀၀၀ (ဒေါ်လာ ၁၃,၇၀၀ နီးပါး) အကြွေးတင်နေပါတယ်” ဟု ဇန် က VOA Mandarin သို့ပြောသည်။ “ဘယ်သူကမှ ကျွန်တော့် ကို မကူညီနိုင်ဘူး။ အကြွေးပြန်ဆက်နိုင်ဖို့ ကျွန်တော် အဖြေရှာနေတယ်” ဟု ၎င်း က ပြောသည်။

ဇန် သည် ကိုဗစ် ကူးစက်ရောဂါနှင့် တရုတ်၏ တင်းကျပ်သော ပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး အကျပ်အတည်းများအတွင်း ကြွေးတင်နေသည့် သန်းပေါင်းများစွာသော တရုတ်လူမျိုးများထဲမှ တဦးဖြစ်သည်။

တရုတ်တွင် သာမန်ပြည်သူများသည် အိမ် သို့မဟုတ် ကားကဲ့သို့ အပေါင်ပစ္စည်းမရှိလျှင် ဘဏ်များမှ တိုက်ရိုက်ငွေမချေးကြောင်း ဘဏ်လုပ်ငန်းရှင် လျူဇောင်ကျိုး ၏ ပြောကြားချက်ကို ကိုးကား၍ VOA က ဖော်ပြထားသည်။

“ချေးငွေ ထုတ်ပေးချင်တဲ့ သူဌေးတွေ ရှိတယ်။ သာမန်လူတွေက ပြန်မဆပ်နိုင်တော့မှာ ကြောက်လို့ ချေးငွေမယူကြဘူး” ဟု ၎င်းက ဆိုသည်။

“ဒါပေမယ့် သူတို့မှာ သက်သေခံကဒ် (ID) တခုရှိပြီး ဆိုးရွားတဲ့ အကြွေးမှတ်တမ်းမရှိသရွေ့ အကြွေးဝယ်ကတ်တွေရဖို့ လွယ်တယ်” ဟု လျူ ကပြောသည်။

၂၀၂၃ ပထမနှစ်ဝက်တွင် ရက်လွန်အကြွေးမဆပ်ရသေးသော ချေးငွေစုစုပေါင်းသည် ယွမ်ငွေ ၈၉ ဒသမ ၆၄၆ ဘီလီယံ (ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၁၂ ဒသမ ၃ ဘီလီယံ) ရှိပြီး ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၅၄ ရာခိုင်နှုန်း တိုးလာကြောင်း စက်တင်ဘာ ၁ တွင် တရုတ်ဘဏ်၏ ထုတ်ပြန်ချက်ကို VOA က ကိုးကား ဖော်ပြသည်။

ကြွေးမြီမြင့်မားရခြင်း၏ နောက်ထပ်အကြောင်းရင်းတခုမှာ တရုတ်ပြည်မကြီးတွင် ချေးငွေဖြင့် သုံးစွဲခြင်း ၏ အန္တရာယ်ကို နားမလည်ဘဲ ၎င်းတို့၏ လစာထက် ပိုမို ဝယ်ယူ သုံးစွဲနေသော တရုတ်လူမျိုးများ တိုးလာသော ကြောင့် ဖြစ်သည် ဟု ဟောင်ကောင်ရှိ တရုတ်တက္ကသိုလ် အာရှ-ပစိဖိတ် စီးပွားရေးအင်စတီကျုမှ ဂုဏ်ထူးဆောင် သုတေသန အဖွဲ့ဝင် လီဇောင်ဘို က ဆိုသည်။

“ဟောင်ကောင်ပြည်သူတွေဟာ အတိုးနည်းတဲ့ ချေးငွေကို ရွေးချယ်နိုင်တယ်ဆိုတာ သိပေမယ့် ပြည်မကြီးက လူတွေက အဲ့ဒီ့ အကြံဥာဏ်ကို မရင်းနှီးကြဘူး” ဟု ၎င်းက VOA မန်ဒရင်းသို့ ပြောကြားသည်။ “ဒါကြောင့် သူတို့မှာ ငွေကြေးလည်ပတ်မှု အခက်အခဲတွေ ကြုံလာတဲ့အခါ သူတို့ရဲ့ အကြွေးတွေကို အတိုးနဲ့ ပြန်မဆပ်နိုင်ကြတော့ဘူး” ဟု ၎င်း က ဆိုသည်။

တရုတ် အိမ်ခြံမြေကဏ္ဍတွင် လက်ရှိဖြစ်ပေါ်နေသော ပြဿနာများကလည်း ငွေကြေးစီးဆင်းမှုကို ပြတ်တောက်စေကြောင်း အမည်မဖော်လိုသူ ပေကျင်းအခြေစိုက် စီးပွားရေးပညာရှင်တဦးက VOA သို့ ပြောသည်။

“တရုတ်သည် ၎င်း၏ စီးပွားရေးကို မောင်းနှင်ရန်အတွက် လွန်ခဲ့သောနှစ်ပေါင်း ၃၀ အတွင်း အိမ်ခြံမြေလုပ်ငန်းကို မှီခိုအားထားနေရ” ကြောင်း ၎င်းက ဆိုသည်။ “အခုတော့ လုပ်ငန်းက ပြိုကျသွားပြီး တရုတ်၏ အကြီးဆုံး အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူ နှစ်ဦး ဖြစ်တဲ့ Evergrande နဲ့ Country Garden က ဒေဝါလီခံ လိုက်ရတယ်။ သူတို့ရဲ့ လိုင်စင်တွေကို ရပ်ဆိုင်းလိုက်ပြီ။ ပိုင်ဆိုင်မှု ငွေသားစီးဆင်းမှု ပြတ်တောက်သွားတာကြောင့် လူအများအပြားရဲ့ ချမ်းသာကြွယ်ဝမှုဟာ ကျုံ့သွားခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ကြီးကြီးမားမား ပေါင်နှံမှု တွေကိုလည်း ပြန်ရွေးဖို့ မတတ်နိုင်ကြတော့ဘူး” ဟု ၎င်း က ဆိုသည်။

တရုတ်ရှိ ပုဂ္ဂလိက လုပ်ငန်းများသည် အချင်းချင်း ချေးငွေရယူနိုင်သောကြောင့် ဘဏ်တခုတည်းပေါ်တွင် မှီခိုအားထားရန် မလိုပေ။ သို့သော် ယခုအခါ ပုဂ္ဂလိက လုပ်ငန်းများလည်း ထိခိုက်သွားကြောင်း ၎င်း က ဆက်ပြောသည်။

“အရင်တုန်းက အခြေအနေတွေက အဆင်ပြေပေမယ့် သုံးနှစ်တာ ကာလ အတွင်း ကိုဗစ် ကူးစက်ရောဂါနဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် စီးပွားရေးလုပ်ငန်းတွေ သိသိသာသာ လျော့ကျ သွားခဲ့တယ်” ဟု ၎င်းက ပြောသည်။ “စီးပွားရေးလုပ်ငန်း တော်တော်များများဟာ ငွေကြေးစီးဆင်းမှုတွေ ပြတ်တောက်သွားပြီး ကြွေးမြီအကျပ်အတည်း မြင့်တက်လာခြင်းကို ဖြစ်စေပါတယ်” ဟု ၎င်း က ပြောသည်။