ကောလင်းတိုက်ပွဲဆက်ပြင်းထန်နေပြီး မြို့ကိုPDF ထိန်းချုပ်ထား၊ လက်နက်ကြီးမတော်တဆမှုကြောင့် PDF ရဲဘော် ၆ဦးကျဆုံး

ကောလင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ/ ဓာတ်ပုံ။ ။ Kawlin Info

ကိုခင်မောင်

(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တိုက်ပွဲအတွင်း လက်နက်ကြီးမတော်တဆမှုကြောင့် ကာကွယ်ရေးရဲဘော်ခြောက်ဦးကျဆုံးသွားပြီး တိုက်ပွဲပြင်းထန်နေကာ မြို့ကိုဆက်လက်ထိန်းချုပ်ထားကြောင်း မြေပြင်ရဲဘော်များနှင့် မြို့ခံသတင်းရင်းမြစ်များထံမှသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ရက်နံနက်မှစ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ ယနေ့ဖေဖော်ဝါရီ ၈ရက်ည‌နေအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။

ဖေဖော်ဝါရီ ၄ရက်နေ့တွင် လက်နက်ကြီးမတော်တဆမှုကြောင့် ကောလင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်လေးဦးကျဆုံးသွားပြီး ပြင်းထန်ဒဏ်ရာများရသွားသော ရဲဘော်နှစ်ဦးသည်လည်း ဖေဖော်ဝါရီ ၅ရက်နေ့တွင် ထပ်မံကျဆုံးသွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်ရဲဘော်တဦးကပြောသည်။

” လက်နက်ကြီးက ကိုယ့်ကို မတော်တဆထိတာပါ။ တခြားထိခိုက်ဒဏ်ရာရသူတွေလည်းရှိပါတယ်။ အတိအကျတော့ပြောလို့မရသေးဘူး။ လက်ရှိ မြို့အစွန်ရွာနားတွေဖြစ်တဲ့ မင်းတဲကြီးနဲ့ အင်းဘုတ်ကုန်းတွေမှာ တိုက်ပွဲဖြစ်နေကြပါတယ်။ အဲ့နေရာတွေကတော့ အရင်ကရွာ အခုနောက်ပိုင်းတိုးချဲ့ရပ်ကွက်တွေပါ။ပြီးတော့ ဇီးတောရွာမှာတဖွဲ့ ပစ်ခတ်မှုပြင်းထန်နေဆဲပါ” ဟု အထက်ပါရဲဘော်ကပြောသည်။

စစ်ကောင်စီသည် ကောလင်းမြို့ တောင်ဘက်မှအင်အား၄၀၀ခန့်ပါ စစ်ကြောင်းတကြောင်း၊ အင်အား ၁၀၀ခန့်ပါစစ်ကြောင်းနှင့် မြောက်ဘက်မှ အင်အား ၃၀၀ခန့်ပါ စစ်ကြောင်းများဖြင့် ကောလင်းမြို့သို့ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြေပြင်စစ်ကြောင်းအပြင် ဝန်းသိုတပ်ရင်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ကောလင်းမြို့အတွင်းပစ်ခတ်ခြင်းနှင့် လေကြောင်းမှတိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်းသိရသည်။

တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုအခြေအနေများကို မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ခရိုင်အဆင့်မြို့ကြီးဖြစ်သည့် ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၆ ရက်နေ့တွင် အမှတ်(၁)စစ်ဒေသ၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများနှင့် စစ်ဘေးရှောင်သတင်းများကိုဖော်ပြနေသည့် Kawlin Infoက ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း