ဘားအံမြို့တွင် လုံခြုံရေးတိုးမြှင့်ထားဟုဆို

ပုံအညွှန်း- ဘားအံမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၂၀၂) အဝင်နေရာ (ဓါတ်ပုံ- CJ)

ပုံအညွှန်း- ဘားအံမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၂၀၂) အဝင်နေရာ (ဓါတ်ပုံ- CJ)

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြို့အဝင်အထွက်ဂိတ်များ၊ အထိုင်ချ တပ်စခန်းအရှေ့များတွင် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများနှင့် စစ်ကောင်စီတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ တောင်ကလေးကျေးရွာရှိ စစ်ကောင်စီတပ်၊ မြိုင်ကလေးရှိ စစ်ကောင်စီတပ်နှင့် ဘားအံမြို့ပေါ်ရှိ တပ်မ(၂၂)၊ ဘားအံမြို့မ ရဲစခန်း စသည့် စစ်ကောင်စီအထိုင်ချ နေရာများတွင် ကတုတ်ကျင်းများ၊ ကွန်ကရစ် ဘန်ကာများ၊ ဆက်သွယ်ရေးတူးမြောင်းများ ဆောက်လုပ်နေပြီး လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။

” တောင်ကလေးဂိတ်မှာတော့ တိုးလာတယ်။ ဆက်သွယ်ရေးမြောင်းတွေ ကတုတ်ကျင်းတွေ။ ကျန်တဲ့ဂိတ်တွေက ကျွန်တော် မဖြတ်ရလို့ သေချာမသိဘူး။ မြို့တွင်းမှာ စစ်နေတာတွေလည်း ရှိတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

နောင်လုံတောင်ကြားလမ်းတလျှောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ရောက်ရှိနေပြီး ဘားအံကို ဝင်တိုက်မည်ဟူသည့် ကောလာဟလနှင့် နယ်ခြားစောင့်တပ် (BGF) များက မြို့ကို ဝင်တိုက်မည်ဟူသည့် ကောလာဟလများကြောင့် ဘားအံမြို့နယ်တဝိုက်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်နေခြင်းဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။

” ထီလုံနဲ့ နောင်လုံဘက်မှာ BGF နဲ့ စကစ စကားများပြီး BGF က ကျိန်းသွားတယ်ဆိုပြီး သတင်းတွေ ထွက်လာတာ။ နောင်လုံဘက်မှာ PDF တွေရောက်နေတယ်ဆိုပြီး သတင်းထွက်တာလည်း ရှိတယ်” ဟု သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် မွန်ပြည်နယ်မှ ဘားအံမြို့အဝင်ရှိ သံလွင်တံတား(ဘားအံ)ဂိတ်၊ ဘားအံမြို့မှ အိန္ဒုဘက်သို့ ထွက်သည့် လမ်းပေါ်ရှိ စစ်ကောင်စီတပ်ဂိတ်နှင့် ဘားအံမြို့တွင်းတွင်လည်း ယခင်ကထက် ဆိုင်ကယ်၊ ကားများအား စစ်ဆေးမှု ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံက ဆိုသည်။

” သံလွင်ဂိတ်က အရင်ကထက် ပိုစစ်လာတယ်။ ကြည့်ရတာ စစ်မှုထမ်းဥပဒေကြောင့်လားတော့ မသိဘူး။ မှတ်ပုံတင်စစ် ဖုန်းစစ်တာတောင် တော်တော်ကြာတယ်၊ အိတ်တွေလည်း ပလဲနေအောင် ဖွင့်စစ်တယ်။ ကော့ကရိတ်ဘက်အထွက်လည်း တူတူပဲ စစ်တာပဲ၊ ဒါတောင် ကျွန်တော်တို့ အိမ်စီးကားနဲ့ပဲ သွားတာ ” ဟု ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ တတိယအပတ်အတွင်းက BGF တပ်ဖွဲ့​ ခေါင်းဆောင်များက စစ်ကောင်စီ၏အထောက်အပံ့မယူဘဲ သီးခြားရပ်တည်မည်ဟု သတင်းဌာနများကို ထုတ်ပြောလာပြီးနောက်
ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးပေါင်းအထိုင်ချရာ ဂိတ်တချို့မှ BGF တပ်ဖွဲ့ဝင်များ တပ်ပြန်ရုတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)