ဘောလခဲရှိ စစ်ကောင်စီ၏ ၁၂ မိုင်စခန်းကုန်းကို ကရင်နီပူးပေါင်းတပ် သိမ်းပိုက်၊ ၁ဦး အရှင်ဖမ်းမိ

ပုံအညွှန်း-၁၂ မိုင်စခန်းကုန်းမှ သိမ်းဆည်းရရှိသည့် လက်နက်များ ( ဓါတ်ပုံ- KPLA, FFD )

ပုံအညွှန်း-၁၂ မိုင်စခန်းကုန်းမှ သိမ်းဆည်းရရှိသည့် လက်နက်များ ( ဓါတ်ပုံ- KPLA, FFD )

ဂျူချန်း

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲရှိ စစ်ကောင်စီ၏ ခမရ(၁၁၂) အခြေချသည့် ၁၂ မိုင်ကုန်း တပ်စခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး စစ်သုံ့ပန်းတဦး အရှင်ဖမ်းမိကြောင်း ကရင်ပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA)တို့က ထုတ်ပြန်သည်။

ဘောလခဲမြို့နှင့် ရွာသစ်မြို့နယ်ကြားရှိ ၁၂ မိုင်ကုန်းတပ်စခန်းကို ဇန်နဝါရီလ တတိယပတ်မှ စတင်ကာ ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဝေဟင်ရော မြေပြင်တွင်ပါ အပြင်းထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ယမန်နေ့ ဖေဖော်ဝါရီလ ၈နေ့တွင် စခန်းကို အလုံးစုံသိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ၁၂မိုင်ကုန်းတပ်စခန်းမှ သေနတ် ၁၁ လက်၊ ငါးကြင်းမြီးစက်လက်နှင့် ပစ္စတိုသေနတ် အပါအဝင် လက်နက်စုစုပေါင်း ၁၆ လက်၊ Jammer နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်းတဦး ဖမ်းဆီးရမိကာ ကျန်သူများမှာ ကစင့်ကလျား ထွက်ပြေးသွားကြောင်းလည်း KPLA က ထုတ်ပြန်ထားသည်။

“သေဆုံးကတော့ သေချာ အတည်ပြုလို့မရနိုင်သေးပါဘူး။ ထွက်ပြေးလွတ်မြောက်သွားသူတွေလည်း ရှိပါတယ်။ ပြီးတော့ ဒီတခါက ကျနော်တို့ FFD Drone အနေနဲ့ ရဲမေ Drone Pilot တွေ ပါ၀င်တဲ့ ပထမဆုံး mission(စစ်ဆင်ရေး) လည်းဖြစ်ပါတယ်” ဟု Force for Federal Democracy (FFD) ဒရုန်းအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းစခန်းကုန်းကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA) ကလလတ၊ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ် KNDF၊ ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ဒရုန်းတပ်ဖွဲ့များဖြစ်သည့် KNPLF Federal Wing ဒရုန်းတပ်၊ Force for Federal Democracy (FFD) ဒရုန်းအဖွဲ့၊ PDF ဒရုန်းအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ကရင်နီပြည်နယ်တွင် မယ်စဲ့မြို့နယ်၊ မော်ချီးမြို့နယ် နှင့် ရွာသစ်မြို့နယ် တို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု သိရသည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ခဲ့သည့် ၁၁၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ မြို့များရှိ တပ်စခန်းပေါင်း ၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သဖြင့် လွိုင်ကော် ဒကစ ကို ဝန်းရံနိုင်သည့် အနေအထားဖြစ်ကာ လွိုင်ကော်မြို့ သုံးပုံနှစ်ပုံကျော်ကို စိုးမိုးထားနိုင်သည်ဟု KNDF ကထုတ်ပြန်ထားသည်။

ယင်းအပြင် ရှားတောမြို့တွင် စစ်ကောင်စီကင်းစခန်းများ အားလုံးကို သိမ်းပိုက်ထားနိုင်သဖြင့် မြို့လယ်ဘုရားကုန်းတွင် တပ်စွဲနေသည့် တပ်စခန်းတခုသာ ကျန်ရှိကြောင်း၊ ကရင်နီနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ မြို့အဝင်အထွက်ကို တော်လှန်ရေးအင်အားစုမှ ထိန်းချုပ်ထားနိုင်ကြောင်းနှင့် ရှမ်း-ကရင်နီအစပ် ဆီဆိုင်မြို့တွင်းကိုလည်း တော်လှန်ရေးအင်အားစုက နေရာယူထားနိုင်ကြောင်း KNDF က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ