ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ကို အစ္စရေးတပ်ဖွဲ့များ အပြင်းအထန် တိုက်ခိုက်

ဝန်ကြီးချုပ် နေတန်ယာ

Devdiscourse:-

အစ္စရေးတပ်ဖွဲ့များသည် ဂါဇာရှိ လူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော် ခိုလှုံနေထိုင်လျက်ရှိသော တောင်ပိုင်း နယ်စပ်မြို့ဖြစ်သည့် ရာဖာမြို့ရှိ နေရာများကို ဖေဖော်ဝါရီ ၈ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ပါလက်စတိုင်းနယ်မြေတွင် ဖြစ်ပွားနေသည့်စစ်ပွဲကို အဆုံးသတ်ရန် ကမ်းလှမ်းမှုကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပယ်ချခဲ့ပြီး နောက်တနေ့တွင် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့က ဖမ်းဆီးထားသော ဓားစာခံများကို လွှတ်ပေးမည့် အချက်အပါအဝင် အပစ်အခတ်ရပ်စဲရေးအတွက် ဟားမာ့စ်အဖွဲ့က အဆိုပြုထားသည့် ကမ်းလှမ်းချက်များသည် သွေးရူးသွေးတန်း လုပ်ရပ်သာဖြစ်ပြီး အောင်ပွဲရရန် လပိုင်းသာလိုတော့သည့်အတွက် ဆက်လက်တိုက်ခိုက်သွားမည်ဟု ဝန်ကြီးချုပ် နေတန်ယာဟုက ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေးက ရာဖာမြို့ကို ချေမှုန်းတိုက်ခိုက်ရန် ခြိမ်းခြောက်မှု မပြုလုပ်မီ လေးလခွဲကြာ ပဋိပက္ခကို အဆုံးသတ်ရန် သံတမန်ရေးတင်းမာမှုများ ဖြစ်ပေါ်နေစဉ် အပစ်အခတ်ရပ်စဲရေးကို ပယ်ချခဲ့ခြင်းဖြစ်သည်။ ရာဖာမြို့တွင် လူဦးရေ တသန်းကျော် နေထိုင်လျက်ရှိပြီး အများစုမှာ ရွက်ဖျင်တဲများတွင် နေထိုင်ရကာ အစားအစာနှင့် ဆေးဝါးများလည်း ပြတ်လပ်နေသည်။ အစ္စရေးတပ်ဖွဲ့များ၏ မြေပြင်ထိုးစစ်အတွင်း ဝင်ရောက်ခြင်း မရှိသေးသော ဂါဇာကမ်းမြောင်ဒေသရှိ နောက်ဆုံးလက်ကျန်နေရာများတွင်ပါဝင်သော အဆိုပါဒေသတွင် အစ္စရေးက ခြိမ်းခြောက်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်ခဲ့ပါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း အကူအညီပေးရေးအေဂျင်စီများက သတိပေးထားသည်။

အီဂျစ်နယ်စပ်အနီးရှိ ရာဖာမြို့ကို တိုက်ခိုက်ခြင်းသည် လက်ရှိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေမည့်အပြင် ဒေသအတွင်း မမျှော်မှန်းနိုင်သည့် အကျိုးဆက်များကို ကြုံတွေ့ရနိုင်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုကူတာရက်စ်က ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။ အရပ်သားများအား ထိခိုက်မှုကို ရှောင်ရှားရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစ္စရေးက ပြောကြားထားပြီး ဟားမာ့စ်စစ်သွေးကြွများသည် စာသင်ကျောင်းများရှိ ယာယီခိုလုံရာနေရာများနှင့် ဆေးရုံများ အပါအဝင် အရပ်သားများကြားတွင် ဝင်ရောက်ခိုအောင်းနေကြောင်း စွပ်စွဲထားသည်။ အဆိုပါ စွပ်စွဲချက်ကို ဟားမာ့စ်အဖွဲ့က ငြင်းဆိုထားသည်။

အစ္စရေး လေယာဉ်များသည် ရာဖာမြို့ရှိ နေရာများကို ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်နှစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ ရာဖာမြို့အရှေ့ပိုင်းရှိ နေရာအချို့ကို တင့်ကားများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြေပြင်မှပါ တိုက်ခိုက်လာနိုင်သည့်အတွက် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ ရာဖာမြို့ရှိ တဲလ်အယ်-ဆူလ်တန်ရပ်ကွက်ကို ထိမှန်ခဲ့သော လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများကို ဒေသခံများက သင်္ဂြိုဟ်ပေးခဲ့ကြသည်။

ဟားမာ့စ်၏ ကမ်းလှမ်းချက်ကို အစ္စရေးက ပယ်ချထားသော်လည်း တွေ့ဆုံဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန် စီစဉ်လျက်ရှိသည်။ ဆွေးနွေးညှိုနှိုင်းမှုများ ဆောင်ရွက်နိုင်မည့် အလားအလာ ရှိနေဆဲဖြစ်သည်ဟု ယူဆကြောင်း ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက တဲလ်အဗီးဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ ကမ်းလှမ်းချက် အချို့မှာ လက်သင့်ခံနိုင်ဖွယ်ရာ မရှိသော်လည်း ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း‌ ၎င်းက ပြောကြားခဲ့သည်။ မည်သည့် အချက်များအား လက်မခံနိုင်ကြောင်းကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။ အရပ်သားထိခိုက်မှု အရေအတွက်မှာ လွန်စွာ မြင့်မားနေဆဲဖြစ်ကြောင်းနှင့် အစ္စရေးအနေဖြင့် စစ်ဆင်ရေးအတွင်း အရပ်သားများ၏ လုံခြုံရေးကို ဦးစားပေးရန်လိုကြောင်း ထပ်မံပြောကြားခဲ့သည်။

အကြီးတန်း အရာရှိ ခါလီအယ်-ဟေယာဦးဆောင်သည့် ဟားမာ့စ်ကိုယ်စားလှယ်အဖွဲ့သည် အီဂျစ်နှင့် ကာတာနိုင်ငံတို့မှ စေ့စပ်ညှိနှိုင်းရေးအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့သို့ ဖေဖော်ဝါရီ ၈ ရက်တွင် သွားရောက်ခဲ့သည်။ ယင်းကိုယ်စားလှယ်အဖွဲ့သည် အီဂျစ်ထောက်လှမ်းရေးအရာရှိချုပ် အာဘက်စ်ကာမယ်နှင့် ဂါဇာအရေးဆိုင်ရာ အီဂျစ်စေ့စပ်ညှိနှိုင်းရေးကို ကိုင်တွယ်နေသည့်အဖွဲ့တို့နှင့် တွေ့ဆုံမည်ဟု ယူဆရကြောင်း အီဂျစ်လုံခြုံရေး သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးထောက်လှမ်းရေးအကြီးအကဲများက ရေးဆွဲပြီး ဟားမာ့စ်အဖွဲ့ထံ ကာတာနှင့် အီဂျစ်မှတဆင့် ပေးပို့ခဲ့သည့် ကမ်းလှမ်းချက်ကို တုံ့ပြန်သည့်အနေဖြင့် ဟားမာ့စ်က ယခုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ စစ်ပွဲကို အဆုံးသတ်ပြီး အစ္စရေးတပ်ဖွဲများ ထွက်ခွာသွားမည့် အချက်မပါသော မည်သည့် ကမ်းလှမ်းချက်ကိုမျှ သဘောတူလက်ခံမည်မဟုတ်ကြောင်း ဟားမာ့စ်အဖွဲ့က ပြောကြားထားသည်။ ဟားမာ့စ်အဖွဲ့ကို အမြစ်ပြတ် မချေမှုန်းနိုင်မချင်း တပ်ဖွဲ့များကို ရုပ်သိမ်းခြင်း သို့မဟုတ် တိုက်ပွဲရပ်တန့်ခြင်းကို ပြုလုပ်သွားမည်မဟုတ်ကြောင်း အစ္စရေးက ပြောကြားထားသည်။

အစ္စရေးတပ်ဖွဲ့များသည် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့် ဂါဇာတောင်ပိုင်းရှိ အဓိကမြို့ဖြစ်သော ခန်းယွန်နစ်မြို့တွင် စစ်သွေးကြွ ၂၀ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ခန်းယွန်နစ်မြို့နှင့် ဂါဇာအလယ်ပိုင်းရှိ ဒီယာ-အယ်-ဘာလာမြို့များကို ညပိုင်းအထိ အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်း ရုပ်သံသတင်းထောက်တစ်ဦးနှင့် ၎င်း၏ သားဖြစ်သူတို့ သေဆုံးခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက တပတ်ကြာ အပစ်အခတ်ရပ်စဲရေးအတွင်း ဓားစာခံ အယောက် ၁၁၀ ကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား ၂၄၀ ကို လွှတ်ပေးခဲ့သည်။