ဒရုန်းများ၊ လူမှုမီဒီယာများကို အသုံးပြု၍ နိုင်ငံခြားသားသတင်းထောက်များအား တရုတ် ထောက်လှမ်းစောင့်ကြည့်နေ

မတ်လ ၄ ရက်၊ ၂၀၁၉ ခုနှစ်၊ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်ပြည်သူ့ လွှတ်တော် နှစ်ပတ်လည် အစည်းအဝေး မဖွင့်မီ တစ်ရက်အလိုတွင် အမျိုးသား ပြည်သူ့ကွန်ဂရက် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့စဥ် (Photo:Greg Baker/AFP)

RFA:-

တရုတ်အာဏာပိုင်များသည် နိုင်ငံအတွင်းမှ သတင်းများကိုပေးပို့နေသော နိုင်ငံခြားသားသတင်းထောက်များအား ခြေရာခံစောင့်ကြည့်ရန် ဒရုန်းများကိုအသုံးပြုလျက်ရှိပြီး အရေးကြီးသည်ဟု အစိုးရက ယူဆသည့်သတင်းအကြောင်းအရာများကို  ပေးပို့လျှင် ဖမ်းဆီးထိန်းသိမ်းခြင်း၊ ထိပါးနှောင့်ယှက်ခြင်းနှင့် အလုပ်လုပ်ကိုင်ခွင့်ကို သက်တမ်းတိုးမပေးတော့ဟုဆိုကာ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း  သတင်းထောက်များ၏ လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေဆိုင်ရာ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံရှိ ပြည်ပသတင်းထောက်များအဖွဲ့(FCCC)က ပြုလုပ်သည့် နှစ်စဉ်လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စစ်တမ်းကို ဖြေဆိုသူ ငါးဦးအနက်မှလေးဦးက ၎င်းတို့သည် ယမန်နှစ်က တရုတ်နိုင်ငံတွင် သတင်းလုပ်ငန်းများ ဆောင်ရွက်ရန်ကြိုးပမ်းစဉ် အနှောင့်အယှက်ပေးမှု၊ ထိပါးနှောင့်ယှက်မှုနှင့် အကြမ်းဖက်မှုများ ကြုံတွေ့ခဲ့ရကြောင်း FCCC အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ဒေသအစိုးရအာဏာပိုင်များသည် ပြည်ပသတင်းဌာနများမှ ဝန်ထမ်းများကို ခြေရာခံစောင့်ကြည့်နိုင်ရန် နည်းပညာများကို ပိုမိုအသုံးချလာနေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ယန်စီမြစ်ရှိ လင်းပိုင်များ၏ အခြေအနေအကြောင်း သတင်းပေးပို့ရန် ပိုယန်းရေကန်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း အရပ်ဝတ်အများအပြားက ကားများဖြင့်လိုက်ပါစောင့်ကြည့်ခြင်း ခံခဲ့ရကြောင်း ဥရောပမီဒီယာအဖွဲ့အစည်းတခုမှ သတင်းထောက်တဦးက ပြောကြားခဲ့သည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ အရပ်ဝတ်များသည် ကားနှင့် အနီးကပ် လိုက်ကြည့်၍ မရသောနေရာများတွင် ဒရုန်းကို အသုံးပြုခဲ့ပုံရကြောင်း သတင်းထောက်များက ပြောကြားခဲ့သည်။ 

ရာသီဥတုပြောင်းလဲမှုနှင့်ဆပ်စပ်၍ ဆိုးရွားသော ရာသီဥတုအခြေအနေများကြောင့် ထိခိုက်ခံစားနေရသည့် ပြည်နယ်နှစ်ခုသို့ သတင်းယူရန်သွားရောက်စဉ် အလားတူ အဆင့်မြင့်နည်းပညာဖြင့် ထောက်လှမ်းစောင့်ကြည့်ခံခဲ့ရကြောင်း အခြားဥရောပသတင်းထောက်တဦးက ပြောကြားခဲ့သည်။

အရပ်ဝတ်အရာရှိ အများအပြားသည် ကားများဖြင့် မိမိတို့နောက်မှ လိုက်လာပြီး ရိုက်ကူးရေးပြုလုပ်ရန်၊ အင်တာဗျူးပြုလုပ်ရန် သတင်းထောက်များ ကားပေါ်မှဆင်းသည့်အခါ ဒရုန်းများကို လွှတ်၍ လိုက်ပါစောင့်ကြည့်ကြောင်းနှင့် သွားလေရာနေရာသို့ ဒရုန်းများက လိုက်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

စစ်တမ်းဖြေဆိုသူများက အာဏာပိုင်များသည် ၎င်းတို့၏ WeChat လူမှုကွန်ရက်နှင့် ဖုန်းကို စောင့်ကြည့်ခြင်းနှင့် ၎င်းတို့၏ ရုံးများ၊ နေအိမ်များတွင် အသံဖမ်းကိရိယာများ တပ်ဆင်ထားခြင်းတို့ ပြုလုပ်သည် သို့မဟုတ် ပြုလုပ်နိုင်ခြေရှိသည်ဟု ယုံကြည်ရန် အကြောင်းအရင်းမျာစွာရှိကြောင်း FCCC သို့ ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံတွင် သတင်းပေးပို့ရခြင်းသည် အဆုံးမရှိသော ပြေးတမ်း၊ လိုက်တမ်းကစားနည်းကို ကစားရသကဲ့သို့ဖြစ်နေကြောင်း ဥရောပသတင်းစာတခုမှ သတင်းထောက်တဦးက ပြောကြားခဲ့သည်။ မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ တရုတ်ထောက်လှမ်းရေးနှင့် လုံခြုံရေးစနစ်များက အမှီလိုက်ပြီး ကွာခြားချက်ကျဉ်းမြောင်းအောင် ဆောင်ရွက်နိုင်ပြီး သတင်းပေးပို့နိုင်သည့်ဘောင် ပို၍ ကျဉ်းလာနေကြောင်း ဖော်ပြထားသည်။ 

တရုတ်အစိုးရသည် သတင်းထောက်များကို ပစ်မှတ်ထားရန် အွန်လိုင်းထောက်လှမ်းစောင့်ကြည့်ရေးကို နှစ်ပေါင်းများစွာ အသုံးပြုလျက်ရှိကြောင်း ထိုင်ဝမ် National Chengchi တက္ကသိုလ်ရှိ National Development Institute မှ တွဲဖက်ပါမောက္ခ ဟွမ်ချောင်-နီယန်က ပြောကြားခဲ့သည်။ 

နည်းပညာကုမ္ပဏီများကို ထိန်းချုပ်ရန် ဈေးကွက်ကို ဝင်ရောက်နှောင့်ယှက်သည့် အင်တာနက်ဖွံ့ဖြိုးရေးနည်းလမ်းကို အသုံးပြုနေသည်မှာ ကြာပြီဖြစ်ပြီး နိုင်ငံရေးထောက်လှမ်းမှုများ ပြုလုပ်ခြင်းနှင့် ပြည်သူများ၏ ထုတ်ဖော်ပြောဆိုချက်များအား ထိန်းချုပ်ခြင်းတို့တွင် အစိုးရနှင့် ပူးပေါင်းရန် ဖိအားပေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

FCCC စစ်တမ်းဖြေဆိုသူ ထက်ဝက်ကျော်က ၎င်းတို့သည် ရဲအရာရှိ သို့မဟုတ် အခြား အရာရှိများ၏ တားဆီးနှောင့်ယှက်ခြင်း ခံခဲ့ရဖူးပြီး အခြား သတင်းထောက် ၄၅ ရာခိုင်နှုန်းကမူ မည်သူမည်ဝါမှန်းမသိသူများ၏ တားဆီးနှောင့်ယှက်ခြင်း ခံခဲ့ရကြောင်း ဖြေကြားခဲ့သည်။ သတင်းထောက်အချို့မှာ တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံခဲ့ရသော FCCC အဖွဲ့နှင့် မပတ်သက်ရန် သတိပေးခံခဲ့ရပြီး ဆက်လက်ပတ်သက်နေပါက ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်ကို သက်တမ်းတိုးမပေးဟုဆိုပြီး ခြိမ်းခြောက်ခံခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

တရုတ်အာဏာပိုင်များက အရေးကြီးနယ်မြေအဖြစ် သတ်မှတ်ထားသည့်နေရာများတွင် လုပ်ရကိုင်ရ ပို၍ခက်ခဲကြောင်းနှင့် အရှေ့ပိုင်း ရှင်ကျန်းဒေသမှ သတင်းများကို ပေးပို့ရန်ကြိုးပမ်းခဲ့သည့် သတင်းထောက်များ၏ ၈၅ ရာခိုင်နှုန်းမှာ ၂၀၂၃ ခုနှစ်တွင် ပြဿနာများ ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။ 

အရေးကြီးနယ်ပယ်ဆိုသည့် စကားရပ်၏ အဓိပ္ပာယ်မှာ ပိုမိုကျယ်ပြန့်လာနေသည်။ သတင်းအရင်းအမြစ်နှင့် အင်တာဗျူးဖြေပေးနိုင်မည့်သူများသည် အထက်ရာရှိများထံမှ နိုင်ငံခြားမီဒီယာများသို့ ဖြေဆိုခွင့် မရသောကြောင့် အင်တာဗျူးဖြေကြားရန်ငြင်းဆန်ခဲ့ကြောင်း သတင်းထောက် ၈၀ ရာခိုင်နှုန်းကျော်က ပြောကြားခဲ့သည်။ ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် ဝေဖန်ရေးသမားများသည်ပင် လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်နေကြကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။