ထိုင်ဝမ် ပေါင်းစည်းရေး ရည်မှန်းချက်နှင့် တရုတ်က ဘယ်လောက် နီးနီး ရှိနေပြီလဲ

၂၀၂၄ ထိုင်ဝမ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) မှ သမ္မတလောင်း ဝီလီယံ လိုင်ချင်းတီ

The HK Post

တရုတ်သည် ထိုင်ဝမ်အား မည်သည့်အချိန်တွင် စစ်ရေးအရ ကျူးကျော်လာမည်ကို ခန့်မှန်းရန် မလွယ်ကူသော်လည်း တရုတ်စစ်တပ်၏ အရှေ့ပိုင်းစစ်အခြေစိုက် စခန်း ရှိရာ နန်ကျင်းသို့ လွန်ခဲ့သည့် တလခန့်က ပြည်နယ်အကြီးအကဲများ လာရောက်ခဲ့ခြင်းမှာ စစ်ရေးပြင်ဆင်နေပုံရသည်။ ထိုင်ဝမ်ကို ပြည်မကြီးနှင့် အတင်းအကျပ် ပြန်လည်ပေါင်းစည်းရေး အစီအစဉ်အား အကောင်အထည်ဖော်ရန် တရုတ်က အပြင်းအထန် ကြိုးပမ်းနေသည်။

တရုတ်၏ စီးပွားရေး အခြေအနေသည် ၂၀၂၃ တွင် တိုးတက်မှု ၅ ဒသမ ၂ % ရှိရာမှ ယခုနှစ်တွင် ၄ ဒသမ ၆ % ရှိမည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) မှ ခန့်မှန်းထား၍ ရှီကျင့်ဖျင် ဦးဆောင်မှုအောက်တွင် တရုတ်သည် ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးသည် သာ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်စေသည့် ခြိမ်းခြောက်မှုများက ကာကွယ်ရန် နောက်ဆုံးအဆင့် နည်းလမ်း တခု ဖြစ်နေသည်။

စီးပွားရေးနှေးကွေးမှုနှင့် အလုပ်လက်မဲ့နှုန်း မြင့်မားမှုကြောင့် တရုတ်တွင် မငြိမ်မသက်မှုများ ဆိုးရွားလာပြီး အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည့် ယင်းအခြေအနေများကို တားဆီးရန် နှင့် ပြည်တွင်းပြဿနာများကို “ထိုင်ဝမ်ကို ဆန့်ကျင်ခြင်း” ဖြင့် တရုတ်ကအာရုံပြောင်း လိုကြောင်း Foreign Policy မဂ္ဂဇင်းက ဖော်ပြသည်။

ယင်းနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၃ ကကျင်းပခဲ့သော ထိုင်ဝမ် ၏ သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများ နီးကပ်လာချိန်တွင် တရုတ် ကွန်မြူနစ်ပါတီ (CPC) အတွင်းရေးမှုး သုံးဦး သည် အ‌ရှေ့ပိုင်းစစ်ဌာနချုပ် သို့ သွားရောက်ခဲ့ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လင်းရှန်ယန်နှင့် တွေ့ဆုံခဲ့ကြောင်း South China Morning Post က ဖော်ပြခဲ့သည်။

တရုတ်စစ်တပ်၏ အ‌ရှေ့ပိုင်းစစ်ဌာနချုပ် သည် ထိုင်ဝမ်ရေလက်ကြားနှင့် အရှေ့တရုတ်ပင်လယ်တို့ကို ကြီးကြပ်ကွပ်ကဲသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ထိုင်ဝမ် ရေပိုင်နက်နှင့် ဝေဟင်ပိုင်နက် အတွင်း လေကြောင်း နှင့် ရေကြောင်းထိန်းချုပ်ရေး၊ ရေငုပ်သင်္ဘောရှာဖွေရေးနှင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ဆိုင်ရာ စစ်ရေး လေ့ကျင့်မှုများ ကို ယင်းစစ်ဌာနချုပ်မှ ကြီးကြပ် လုပ်ဆောင်ခဲ့သည်။

၂၀၂၃ ဩဂုတ် တွင် အရှေ့ပိုင်းစစ်ဌာနချုပ်သည် စစ်သင်္ဘော-လေယာဉ် ပေါင်းစပ်ညှိနှိုင်း ၍ စစ်မြေပြင်ကို ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ပြီး ထိုင်ဝမ်ကျွန်းတဝိုက်တွင် ရေတပ်နှင့် လေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ပူးပေါင်းစစ်ဆင်ရေးများ၌ တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ရေး စွမ်းရည်များကို စမ်းသပ်ခဲ့ကြောင်း တရုတ်စစ်တပ် ၏ တရားဝင် အင်္ဂလိပ်ဘာသာ သတင်းဝက်ဘ်ဆိုက် China Military က ဖော်ပြခဲ့သည်။ ထို့ပြင် ထိုင်ဝမ်ကို ခြိမ်းခြောက်ရန် ထိုင်ဝမ်ကျွန်းတဝိုက်တွင် လေယာဉ်နှင့် ရေတပ်သင်္ဘောများ ပုံမှန် စေလွှတ်ခဲ့သည်။

အရှေ့ပိုင်းစစ်ဌာနကွပ်ကဲရေးမှုး စစ်ဦးစီးချုပ် ဗိုလ်ချုပ်လင်းနှင့် တွေ့ဆုံစဉ်တွင် အန်ဟိုင် ပြည်နယ် CPC အတွင်းရေးမှူး ဟန်ဂျွန် က ၎င်း၏ ပြည်နယ်သည် လေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေး အဆင်သင့်ဖြစ်ရန် စစ်သားများကို အပြည့်အဝ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Anhui Daily သတင်းက ဖော်ပြသည်။

ဗိုလ်ချုပ် လင်း နှင့် တွေ့ဆုံရာတွင် အရှေ့ပိုင်း စစ်ဌာနချုပ် သည် “ပြန်လည်ပေါင်းစည်းရေး၏ ကြီးမားသော အစိတ်အပိုင်း ကို ပိုမိုလုပ်ဆောင်နိုင်” ကြောင်း ဖူဂျီယန် ပြည်နယ် CPC အတွင်းရေးမှူး ဇောင်ဇူယီ က ပြောခဲ့ကြောင်း South China Morning Post မှ ကိုးကားဖော်ပြခဲ့သည်။ ဂျန်ဇီ ပြည်နယ် ၏ CPC အတွင်းရေးမှူး ရင်ဟောင် က ၎င်း ၏ ပြည်နယ်သည် “တပ်ဖွဲ့ဝင်များကို တိုက်ပွဲအတွက် ပြင်ဆင်ရန်နှင့် အနိုင်ရရန် လိုအပ်သည်များ လုပ်ဆောင်မည်ဖြစ်ကြောင်း” ကတိပြုခဲ့သည်ဟု ဟောင်ကောင်အခြေစိုက် အင်္ဂလိပ်သတင်းစာက ဖော်ပြခဲ့သည်။

ပြည်နယ် CPC ခေါင်းဆောင်များ နှင့် အရှေ့ပိုင်းစစ်ဒေသ ကွပ်ကဲရေးမှူး တို့ တွေ့ဆုံမှု၏ ရည်ရွယ်ချက်မှာ စစ်ဘက်၊ အရပ်ဘက် နှင့် ဒေသန္တရအစိုးရများအကြား နီးကပ်သော ချည်နှောင်မှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးရန်ဖြစ်သည်။ ထို့ပြင် တရုတ်စစ်တပ် ကို အရည်အသွေးမြှင့်တင်ရာတွင် စစ်တပ်နှင့် ဒေသများကြား ပေါင်းစပ်ညှိနှိုင်းမှု မြှင့်တင်ရန် သမ္မတ ရှီ ၏ တောင်းဆိုမှုအပြီးတွင် တွေ့ဆုံမှု စတင်ခဲ့ခြင်း ဖြစ်သည်။

တရုတ် သည် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်ခြင်းအပြင် ထိုင်ဝမ်အပေါ် ခြိမ်းခြောက်ခြင်းနှင့် အတင်းအကြပ် အရေးယူမှုများ ပြုလုပ်ရန် သမ္မတ ရှီ ၏ ဦးဆောင်၍ အလုပ်များနေသည်။ ထို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ် ကျွန်း ၏ အုပ်ချုပ်မှု အကျယ်အဝန်း အတိုင်းအတာ အလျှောက် သူလျှိုကွန်ရက်များ ဖြန့်ကြက်၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည်။ ၎င်းတို့သည် လျှို့ဝှက်ချက်များ ခိုးယူ၍ ထောက်လှမ်းရေးသတင်းအချက်အလက်များ စုဆောင်းပြီး သဘောထား ကွဲလွဲမှုများ ပျံ့နှံ့စေ၍ ထိုင်ဝမ် ၏ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို ပြည်တွင်းတွင် ပျက်ပြားလာစေရန် ကြိုးပမ်းနေသည်။

တရုတ်အပေါ် သစ္စာစောင့်သိကြောင်း ဗီဒီယို ရိုက်ကူးရန် တရုတ်သူလျှိုထံမှ လာဘ်ငွေ ရယူခဲ့သော ထိုင်ဝမ် စစ်သား နှစ်ဦးကို ၂၀၂၃ နိုဝင်ဘာတွင် ထိုင်ဝမ်တရားရုံးတရုံး က ထောင်ဒဏ် ချမှတ်ခဲ့သည်။ ယင်း ဗီဒီယိုသည် တရုတ် ဝါဒဖြန့်ချိရေးအသွင်သို့ ပြောင်းလဲသွားကြောင်း မီဒီယာများ က ဖော်ပြကြသည်။ တရုတ်သည် ထိုင်ဝမ်ကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်ရန် ထိုင်ဝမ်ပြည်တွင်းရေး ၌ အားနည်းစေရန် လုပ်‌ဆောင်ခြင်း ဖြစ်ပြီး တရုတ်တွင် အလုပ်လုပ်နေကြသော ထိုင်ဝမ်လူမျိုးများ ကို လည်း တရုတ် ယဉ်ကျေးမှုနှင့် အတိတ်သမိုင်းကြောင်းများကို လွန်ကဲစွာ ပြောဆိုစည်းရုံး ဆွဲဆောင်မှုများ လုပ်နေသည်။

၂၀၂၄ ဖေဖေါ်ဝါရီ ၂ တွင် ထိုင်ဝမ်လူမျိုး ၄၀ ခန့်သည် တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပရန် ဘေကျင်း ၌ စုဝေး နေကြသည် ဟု CGTN က ဖော်ပြသည်။ အခမ်းအနားတွင် ခေတ်မီပြီး ခိုင်မာသော တရုတ်နိုင်ငံကို တည်ဆောက်ရာတွင် ၎င်းတို့၏ ဆွေမျိုးမိတ်ဆွေများ ပါဝင်လာစေရန် အဆိုပါ ထိုင်ဝမ်နိုင်ငံသားများကို တွန်းအားပေးခဲ့သည်။

ယင်းသို့သော လှုပ်ရှားမှုများမှတစ်ဆင့် တရုတ် သည် ထိုင်ဝမ်ကို သိမ်းယူရန် အရှိန်အဟုန်ဖြင့် ကြိုးပမ်းနေပြီး အင်ဒို-ပစိဖိတ်ဒေသ တွင် အကျိုးဆက် များ ဖြစ်ပေါ်လာမည် ကို ကျွမ်းကျင်သူများ အစိုးရိမ်ဆုံး ဖြစ်သည်။ ပြန်လည်ပေါင်းစည်းခြင်းသည် သွေးချောင်းစီးခြင်းနှင့် စစ်ပွဲများမရှိဘဲ မဖြစ်နိုင်ဟု စိုးရိမ်နေကြသည်။ အကယ်၍ ထိုသို့ဖြစ်လာပါက ထိုင်ဝမ်ကို အင်အားသုံး သိမ်းယူခြင်းမှ ကယ်တင်ရန် အမေရိကန်သည် စစ်ပွဲအတွင်း ထိပ်တိုက်တိုးဝင်မည်ဖြစ်ပြီး ၎င်းသည် ကမ္ဘာအတွက် အန္တရာယ်ရှိကြောင်း လေ့လာသုံးသပ်သူများက သတိပေးသည်။ ထို့ပြင် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ တွင် ဝီလီယမ် လိုင် ချန်တီ အနိုင်ရခဲ့ခြင်းသည် တရုတ်ကို တုန်လှုပ်သွားစေသည်။ တရုတ် က “ခွဲထွက်ရေးသမား” အဖြစ် သတ်မှတ်ထားသော ဝီလျံလိုင်သည် ၎င်း အတွက် သတိထားစရာ ဖြစ်လာသည်။ လိုင်သည် ထိုင်ဝမ်သို့ စစ်ပွဲဖြစ်ပေါ်မည့် အန္တရာယ် ကို ယူဆောင်လာမည် ဖြစ်ကြောင်း တရုတ်က အကြိမ်ကြိမ် သတိပေးထားသည်။