ထားဝယ်မြစ်အတွင်း ရေတပ်စစ်သင်္ဘောကို PDF က ဒရုန်းဖြင့် တိုက်ခိုက်

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း ထားဝယ်မြစ်အတွင်း စစ်ကောင်စီ၏ ရေတပ် စစ်သင်္ဘော ရေယာဉ်အမှတ် (၄၂၃ )ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-လောင်းလုံးမြို့နယ်( LLPDF )အဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ယင်း အဖွဲ့က ယနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ရေတပ်စစ်သင်္ဘော( ၄၂၃ )သည်၊ ထားဝယ်မြစ်အတွင်းမှ လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့ကို လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်မှုများရှိနေပြီး အရပ်သားထိခိုက်မှုနှင့် နေအိမ်များထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသခံများက ဆိုသည်။

“ထိခိုက်မှုတော့ ရှိတယ် သေဆုံးတာတော့ မသိရဘူးဗျ၊ ပင်လယ်ပြင်နဲ့ ထား၀ယ်မြစ်၀တွေကနေ မကြာခဏ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိတာကြောင့် ပြန်တိုက်ခိုက်တာ ဖြစ်တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-လောင်းလုံးမြို့နယ်(LLPDF)အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ဒရုန်းတစီးလည်း ပျက်ကျခဲ့ကြောင်း ယင်းအဖွဲ့က ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်ကလည်း ထားဝယ်မြစ်ကြောင်း တလျှောက်ကို လက်နက်ကြီးဖြင့် ၁၅ ချက်ထက်မနည်း ရမ်းသန်းပြီး ပြန်လည်ပစ်ခတ်ခဲ့သည်။

အဆိုပါ စစ်သင်္ဘောသည်၊ ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့က လောင်းလုံးမြို့ပေါ်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားစဉ် ထားဝယ် အနောက်ဘက် ပင်လယ်ကနေ ရေကြောင်းပစ်ကူအဖြင့် လက်နက်ကြီးကူပစ် ပေးခဲ့သည့် စစ်သင်္ဘောတစီးလည်း ဖြစ်သည်။

စာတည်း- သန့်ဇော်(သန်လျင်)