မိုးရေးနယ်စပ်ဂိတ်ပိတ်ထား၍ မျောက်ငိုသီး ဈေးကွက်ပျက်

ပုံအညွှန်း။ ။ ချင်းပြည်နယ်က မျောက်ငိုသီးများ/ဓာတ်ပုံ။ ။ CJ

ကိုခင်မောင်
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်တွင် မျောက်ငိုသီးခူးချိန်ရောက်နေပြီဖြစ်သော်လည်း မိုးရေးနယ်စပ်ဂိတ် ကုန်တင်ပို့မှုက်ို အိန္ဒိယဘက်မှ ပိတ်ထားသောကြောင့် မျောက်ငိုသီးအဝယ်နည်းပါးပြီး ဈေးကောင်းမရဖြစ်နေကြောင်း ဒေသခံ စိုက်ပျိုးရေးတောင်သူများထံမှ သိရသည်။

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တွင် မျောက်ငိုပင်စိုက်ပျိုးရေးလုပ်ငန်းများရှိပြီး ယခုအချိန်သည် မျောက်ငိုသီးခူးချိန်ဖြစ်သည်။ ဒီဇင်ဘာလမှ မတ်လအတွင်း အိန္ဒိယနယ်စပ်မှ သစ်သီးပွဲစားများက နှစ်စဥ်လာဝယ်ကြသော်လည်း ယခုနှစ်တွင် နယ်စပ်ဂိတ်ပိတ်ထား၍ အရောင်းအဝယ်မရှိသလောက်ဖြစ်နေကြောင်း စိုက်ပျိုးရေးတောင်သူများက ပြောသည်။

“ဒီနှစ်ကတော့ ဓာတ်ဆီဈေးမြင့်တက်တာရယ်၊ မိုးရေးဘက် ပို့လို့မရတာရယ်ကြောင့် မျောက်ငိုသီးစျေးကွက်က မကောင်းဘူး။ ကျွန်တော်တို့ မိုးရေးဘက်ပို့တုန်းက ပြန်ရောင်းရင် ဈေးကောင်းရတော့ ဈေးကောင်းပေးပြီး မျောက်ငိုသီးကို ကောက်နိုင်တယ်။ အခု မိုးရေးနယ်စပ်ပိတ်ထားတော့ ဈေးကလည်း အရင်လောက်မရဘူး” ဟု မျောက်ငိုသီးပွဲစားတဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ်တွင် မျောက်ငိုသီးတတောင့်လျှင် ၁၀၀ကျပ်မှ ၂၀၀ကျပ်အထိ စျေးရခဲ့သော်လည်း ယခုနှစ်တွင်မူ ၂၀ကျပ်မှ ၆၀ကျပ်ဖြင့်သာ ရောင်းနေရကြောင်းနှင့် ယခင်နှစ်များက မျောက်ငိုပင်တပင်မှ ငွေရှစ်သိန်းကျပ်ခန့်အထိရရှိခဲ့ပြီး ယခုနှစ်တွင်သုံးသိန်းကျပ်ရရန်ပင် ခက်ခဲနေကြောင်း မျောက်ငိုသီးစိုက်တောင်သူများထံမှ သိရသည်။

မျောက်ငိုသီးများကို ယခင်က စစ်ကိုင်းတိုင်း၊ ကလေး- တမူးမြို့ မှ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် မိုးရေးမြို့ကို အဓိက တင်ပို့ရောင်းချကြပြီး ယခုတွင် တီးတိန်- တီအိုချောင်းဘက်မှ မီဇိုရမ်ပြည်နယ်သို့ တင်ပို့ရောင်းချနေကြရသည်။

မျောက်ငိုသီးကို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ ကသည်းလူမျိုးများမှ အများဆုံး ဝယ်ယူစားသုံးကြသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ဇွန်လကမဏိပူရ်ပြည်နယ်၌ ဖြစ်ပွားနေသော လူမျိုးရေးပဋိပက္ခများကြောင့် တမူး-မိုးရေး နယ်စပ်ဂိတ်ကို အိန္ဒိယအစိုးရက ပိတ်ထားခဲ့သည်။ ထို့ကြောင့် ကုန်တင်သွင်းခွင့်မရတော့ဘဲ မျောက်ငိုသီးဈေးနှုန်းများကျဆင်းကာ ဈေးကွက်ပျက်နေခြင်းဖြစ်သည်။

မျောက်ငိုသီးစျေးကောင်းပြန်ရနိုင်ရန်အတွက် တမူး-မိုးရေး နယ်စပ်ဂိတ်အား ပြန်ဖွင့်ပေးရန် စိုက်ပျိုးရေးတောင်သူများနှင့် သစ်သီးပွဲစားများက မျှော်လင့်နေသည်။

စာတည်း – အေးချမ်း