တောင်ငူ-လိပ်သို လမ်းပေါ်ရှိ စခန်းနှင့် စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးအဖွဲ့ တိုက်ခိုက် ၂ ဦးသေဆုံး

ပုံအညွှန်း- ကျောက်လုံးကြီးစခန်းကို ပစ်ချခဲ့သည့် ဒရုန်းဗုံးသီး (ဓါတ်ပုံ- PDF Thandaung)

ပုံအညွှန်း- ကျောက်လုံးကြီးစခန်းကို ပစ်ချခဲ့သည့် ဒရုန်းဗုံးသီး (ဓါတ်ပုံ- PDF Thandaung)

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ–လိပ်သို ကားလမ်းဘေး၊ ကျောက်လုံးကြီးကျေးရွာရှိ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့မနက်ပိုင်းအချိန်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း People Defence Force Thandaung အဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်သည်။

“အရင်ကလည်း သွားရောက်တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဒီပစ်ခတ်မှုမှာ သေတာက ဂိတ်နားက နှစ်ယောက်ပါ။ ပြန်ပစ်တာလဲသူတို့ပါပဲ။ ၈၁ မမနှစ်လုံးပြန်ပစ်တာပါ” PDF Thandaung ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ကျောက်လုံးကြီးကျေးရွာတွင် အင်အား ၅၀ ခန့်ဖြင့် အထိုင်ချနေသည့် စစ်ကောင်စီတပ်စခန်းနှင့် အဆိုပါ စခန်းရှေ့ရှိ စစ်ဆေးရေးဂိတ်ကို PDF Thandaung အဖွဲ့၏ MLB Fighters Drone တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ကျောက်လုံးကြီးစခန်းမှ ၈၁ မမ လက်နက်ကြီး နှစ်လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူတဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း PDF Thandaung ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပြည်သူလူထုအနေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ရဲ့ ကားတန်းတွေ ဖြတ်သွားရင်တောင် ထွက်မကြည့်ကြပါနဲ့ တနေရာရာမှာ အထိနာထားရင် မြင်သမျှ ရမ်းသန်း ပစ်တာ သူတို့အကျင့်ပါ။ လက်နက်ကြီးပစ်သံကြားရင် တုန့်ဆိုင်းမနေဘဲ ဝပ်ချလိုက်ပါ” ဟု PDF Thandaung ပြန်ကြားရေးတာဝန်ခံကပြောသည်။

ကျောက်လုံးကြီးစခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ တလအတွင်း သုံးကြိမ် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းရှိပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးကာ သုံးဦး ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၂) တပ်ရင်း(၅) တာဝန်ရှိသူ တဦးထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ