လူငယ်ထုအနေဖြင့် အာဏာရှင်ကို တိုက်ထုတ်ရန် အကောင်းဆုံးအချိန်ဟုဆို

ပုံအညွှန်း-မြနန္ဒာစစ်ဆင်ရေး(မန္တလေး)-ပုံဟောင်း။

ပုံအညွှန်း-မြနန္ဒာစစ်ဆင်ရေး(မန္တလေး)-ပုံဟောင်း။

007

(မဇ္စျိမ)။ ။လူငယ်ထုအနေဖြင့် တော်လှန်ရေးတပ်များနှင့်ပူးပေါင်းကာ စစ်အာဏာရှင်ကိုတိုက်ထုတ်ရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်များက အသီးသီးတိုက်တွန်းစကားဆိုသည်။

“မဖြစ်မနေတော်လှန်မှရမယ်ဆိုတဲ့အသိနဲ့ တော်လှန်ရုံမှတပါး အခြားမရှိဆိုတာကို အချက်ပေးခေါင်းလောင်း ထိုးလိုက်တာပါပဲ။ ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ တော်လှန်ကြဖို့ နှိုးဆော်ချင်ပါတယ်။ ရွေးချယ်စရာ ဘက်နှစ်ဘက်ပဲ ရှိပါတော့တယ်။ မအလအတွက် စစ်တိုက်မလား ကြားနေဆိုတာမရှိတော့ပါဘူး။ အဲဒီအတွက် လူထုတရပ်လုံး တက်ကြွစွာပါဝင်ကြဖို့အတွက် တိုက်တွန်းချင်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း လက်ကမ်း ကြိုဆိုနေပါတယ်” ဟု စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်ခြင်းအပေါ် မြနန္ဒာစစ်ဆင်ရေး(မန္တလေး)အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နအဖ(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)ခေတ်၊ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ကြောင်း စစ်ကောင်စီက ယမန်နေ့က ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်ကြောင့် လူငယ်ထုအနေနှင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်များထံ သွားရောက်ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတွင် ပါဝင်သင့်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းဖိတ်ခေါ်နေကြသည်။

တိုက်ပွဲတိုင်းတွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ၎င်းတို့အတွက် စစ်သည်အရင်းအမြစ်လည်း မရနိုင်တော့သည်ကို သဘောပေါက်လာသဖြင့် ယခုကဲ့သို့ နောက်ဆုံးသောအကြံအစည်ကို ထုတ်သုံးလာခြင်းဖြစ်သည်ဟုလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှတာဝန်ရှိသူများက မှတ်ချက်ပြုကြသည်။

“၂၀၁၀ နိုဝင်ဘာ ၄ ရက်နေ့က ထုတ်ခဲ့တဲ့ ဥပဒေကို အခုမှဘာလို့ အသက်သွင်းရတာလဲ။ ရှင်းရှင်းလေးပါ၊ သူတို့မှာ အင်အားမရှိတော့လို့ပါ။ လူငယ်တွေကိုပြောချင်တယ်။ စကစထဲဝင်ပြီး ခြင်းကြားလွယ်ရင်း ပြည်သူ့တံတွေးခွက်ထဲ မျောမလား၊ ပြည်သူကလက်ခံတဲ့ ပြည်သူ့စစ်သားလုပ်မလား။ ရွေးချယ်ပါ။ ပူးပေါင်းပါဝင်ချင်တယ်ဆိုရင် လက်ခံဖို့အသင့်ရှိနေပါတယ်” ဟု မြင်းခြံခရိုင်တပ်ရင်း(၂)မှ ယာယီတပ်ရင်းမှူး ကိုသိကြားက ဆိုသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ်မပြည့်သေးသော နိုင်ငံသားတိုင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ်မပြည့်သေးသော နိုင်ငံသား တိုင်းသည်လည်းကောင်း၊ ကျွမ်းကျင်သူ(ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ သို့မ ဟုတ် အခြားအတတ်ပညာတရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူ) အဆင့်တွင် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ်မပြည့်သေးသောနိုင်ငံသားတိုင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ်မပြည့်သေးသောနိုင်ငံသားတိုင်းသည်လည်းကောင်း လိုအပ်လျှင်လိုအပ်သလို ငါးနှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့ ရွေးချယ်စရာ နှစ်ခုပဲရှိတယ်လို့မြင်ပါတယ်။ တခုက အကြောက်တရားလွှမ်းတာကိုငြိမ်ခံံပြီး စစ်ကောင်စီပြုသမျှကို ဆက်ပြီးတော့နုနေကြဦးမှာလား ဆိုတာရယ်။ နောက်တခုက အကြောက်တရားကို တွန်းလှန်ပြီးတော့ ရရာနည်းနဲ့ ပါဝင်ကြမယ်။ နိုင်ရာတာဝန်ကို ထမ်းပြီးတော့ ကျွန်တော်တို့နဲ့အတူ စစ်ကောင်စီကို တိုက်ထုတ်ကြမလား။ ဒီနှစ်ခုထဲကပဲ ရွေးချယ်စရာရှိတော့တယ်လို့ မြင်ပါတယ်” ဟု တံတားမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ ဒုတာဝန်ခံ ကိုလေးလှိုင်က ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့် စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားတွင် တိုင်းရင်းသားလက်နက်ကိုင်များပါဝင်သည့် တော်လှန်ရေးအင်အားစုများနှင့် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး မြို့ပေါင်းလေးဆယ်ကျော် လက်လွှတ်ဆုံးရှုံးခံထားရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ