ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက အဆိပ်ငွေ့ပါသည့်ဗုံးများ အသုံးပြုဟုဆို

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် မြို့ဟောင်းရွာ ဘုန်းကြီးကျောင်း (ဓါတ်ပုံ- ပေးပို့)

YT

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ယနေ့ (ဧပြီ ၁၈ ရက်)တွင် တိုက်ပွဲပြင်းထန်နေ ကြောင်း ကျားဖြူစစ်ကြောင်း တပ်ခွဲ (၁)က ညနေ ၄ နာရီဝန်းကျင်ခန့်က သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၁၈ ရက် နံနက် ၁၁ နာရီဝန်းကျင်မှစ၍ ကော့ကရိတ်မြို့နယ်တွင်းတနေရာ၌ စစ်ကောင်စီတပ်နှင့် ကျားဖြူစစ်ကြောင်းတို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အဆိပ်ငွေ့ပါသည့် ဗုံးများပါအသုံးပြုခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

“၁၁ နာရီဝန်းကျင်မှာ ကရိတ်တောင်ပိုင်းက မြို့ဟောင်းရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲသွား တယ်။ အဲဒီအချိန်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အဆိပ်ငွေ့ပါတဲ့ဗုံးတွေနဲ့ပါ တိုက်ခိုက်ခဲ့ တယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

တိုက်ပွဲအခြေအနေ၊ ဒေသခံများပြောကြားသော အဆိပ်ငွေ့ဗုံးနှင့်ပတ်သက်၍ ကျားဖြူစစ်ကြောင်း၏ဒုစစ် ကြောင်းမှူး ရဲဘော်ကျော်ဟိန်းထံ မဇ္ဈိမကဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းက “စစ်ကောင်စီတပ် မြဝတီ မရောက်ရှိရေးအတွက် ကျွန်တော်တို့ အများကြီးကြိုးစားနေကြပါတယ်။ အောင်ဇေယျစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာပါ။ အဲဒီမှာ သူတို့ဘက်က အဆိပ်ငွေ့တွေသုံးတဲ့အတွက်ကြောင့် ကျွန်တော်တို့ ရဲဘော်တွေ မူးမေ့အော့အန်တာတွေရှိတယ်။ အဲ့ဒါကြောင့် အားလုံးပြန်ချိန်း (Change) ပြီးတော့ အင်အား တွေ ဒီထက်မက ပြန်ဖြည့်ထားပါတယ်။ အဆိပ်ငွေ့တွေကို Y- 12 နဲ့ ပတ်ကြဲတာပါ”ဟု ပြန်လည်ဖြေ ကြားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ဟောင်းရွာမှ သံဃာတပါးပျံလွန်တော်မူပြီး ရွာသား လေးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မြဝတီမြို့ကိုပြန်လည်ရယူရန် နိုင်ငံတော်အဆင့် စစ်ဆင်ရေးအဖြစ်လှုပ်ရှားနေသည့် အောင်ဇေယျအမည် ရ စစ်ဆင်ရေးတပ်များသည် လွန်ခဲ့သည့်တပတ်ခန့်မှစ၍ မြဝတီမြို့နယ်ဘက်ကို ဦးတည်ချီတက်လာခြင်း ဖြစ်ကာ ၎င်းတို့လာရာလမ်းတလျှောက်တွင် KNLA ပူးပေါင်းတပ်များ၏ အဆက်မပြတ် တိုက်ခိုက်ခြင်းခံရ ပြီး သံချပ်ကာယာဉ်အပါအဝင် စစ်သုံးယာဉ်အချို့ပျက်စီး၍ စစ်ကောင်စီတပ်သား ရာနှင့်ချီ ထိခိုက်သေ ဆုံးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါစစ်ကောင်စီတပ်များသည် ရှေ့ဆက်မတိုးနိုင်ဘဲ ဒေါနတောင်တန်း၏ အနောက်ဘက် တောင်ခြေတွင်သာ ရပ်တန့်နေရကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။စောဖေ