မတူပီမြို့ပေါ်တွင် စစ်ကောင်စီတပ်က အင်အား ၁,၀၀၀ နီးပါးဖြင့် ခံစစ်ပြင်

ပုံအညွှန်း _ မတူပီမြို့နယ်အတွင်း စစ်ကောင်စီ၏ ဖျက်ဆီးမှုများ။ (ဓာတ်ပုံ- Matupitownship People’s Admistration)

ပုံအညွှန်း _ မတူပီမြို့နယ်အတွင်း စစ်ကောင်စီ၏ ဖျက်ဆီးမှုများ။ (ဓာတ်ပုံ- Matupitownship People’s Admistration)

(မဇ္ဈိမ)။ ။ ချင်းပြည်နယ် ၊ မတူပီမြို့အခြေစိုက် စစ်ဗျူဟာ(၃၀၄) နှင့် (၁၀၄) တပ်ရင်းများတွင် စစ်ကောင်စီအင်အား ၁,၀၀၀ နီးပါး အင်အားဖြည့်တင်းကာ ခံစစ်ပြင်နေကြောင်း သိရသည်။

အင်အားဖြည့်တင်းသည့် စစ်ကောင်စီတပ်သားများတွင် ရေဇွာ၊ ထယ်ဘွေနှင့် ဆမီးမှ ပြေးလာသည့် စစ်‌ကောင်စီတပ်သားများပါဝင်ပြီး ရဟတ်ယာဥ်များဖြင့် လူအပြောင်းအရွှေ့ပြုလုပ်ကာ အင်အားဖြည့်တင်းနေခြင်းဖြစ်ကြောင်း သိရသည်။

‘’အခုကမတူပီမှာက စစ်ကောင်စီတပ်တွေ တော်တော်များနေတယ်။ ပြေးလာတဲ့ကောင်တွေကော၊ အောက်ပြည်ကနေ အင်အားဖြည့်ထားတာကော၊ ချင်းပြည်တောင်ပိုင်းမှာ မတူပီကျရင်သွားပြီလေ။ မတူပီကနေအားလုံးကို ထိန်းချုပ်လို့ရတယ်။ တလောကလည်း မတူပီမြိုအဝင် ခြန်းပြန်းရွာလေးကို စစ်ကောင်စီအင်အား ၂၀၀ကျော်လောက် စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့တယ်။ အဲဒီမှာလည်းအရာရှိတချို့ မိုင်းဆွဲခံရလို့ ဆေးရုံတင်ထားရသေးတယ်’’ဟု မတူပီဒေသခံတဦးက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း မတူပီမြို့အခြေစိုက်သည့် စစ်ကောင်စီတပ်မှ တပ်သားများသည် မင်းတပ် – မတူပီလမ်းမပေါ် စစ်ကြောင်းထိုးပြီး ခြန်းပြန်း (ခ) ကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မှတ်တမ်း ဓါတ်ပုံနဲ့အတူ ထုတ်ပြန်ထားရှိသည်။

ထို့ပြင် ဇန်နဝါရီလ ၂၀ ရက် က ဆမီးမြို့မှ စခန့်းစွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် မတူပီမြို့နယ်အတွင်းရှိ လုံပန်းကျေးရွာနှင့် စန်တပ်ကျေးရွာရှိ ကျေးလက်ဆေးပေးခန်းကို ဖောက်ထွင်းပြီး မီးရှို့သွားသည်ဟုလည်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး