ဂန့်ဂေါတွင် ပျူစောထီး ၄ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်

ပုံအညွှန်း - အလင်းဝင်လာသူနှင့် လက်နက်ခဲယမ်းများ / ဓါတ်ပုံ - အမှတ် (၁) စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေး

ပုံအညွှန်း – အလင်းဝင်လာသူနှင့် လက်နက်ခဲယမ်းများ / ဓါတ်ပုံ – အမှတ် (၁) စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေး

ပါခွီး

(မဇ္စျိမ)။ ။မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ပျူစောထီးကျေးရွာနှစ်ရွာမှ အဖွဲ့ဝင်လေးဦးသည် လက်နက် ခဲယမ်းများဖြင့်အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရုံးမှ ဖေဖော်ဝါရီလ ၁၁ ရက် ယနေ့ ထုတ်ပြန်ထားသည်။

ဂန့်ဂေါမြို့နယ် လယ်ကြီးအနောက်ကျေးရွာမှ ပျူစောထီးသုံးဦးသည် G3 တလက်၊ ကျည်ဆန် ၂၆၈ တောင့် ၊ M1 ကာဘိုင်နှစ်လက်၊ ကျည်ဆန် ၁၈၀ တောင့်တို့နှင့်အတူ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ခရိုင် တပ်ရင်းများထံသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ဂန့်ဂေါမြို့နယ် ဝင်ဝကျေးရွာမှ အသက် ၂၁ နှစ်အရွယ် ပျူစောထီးအဖွဲ့ဝင်တဦးသည်လည်း ဖေဖော်ဝါရီ ၈ ရက်နေ့တွင် G3 တလက်၊ ကျည်ဆန် ၁၈ တောင့်တို့ဖြင့် ခရိုင်တပ်ရင်းထံသို့ အလင်းဝင် ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အလင်းဝင်လာတဲ့သူကို ဝန်ကြီးဌာနကနေ ထိုက်သင့်သလို စီစဥ်ပေးတာမျိုးတော့ ရှိပါတယ်” ဟု အမှတ် (၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

ဂန့်ဂေါခရိုင်အတွင်း ၂၀၂၃ ခုနှစ် နှစ်ကုန်းပိုင်းနှင့် ၂၀၂၄ ခုနှစ်ဆန်းပိုင်းတွင် ပျူစောထီးကျေးရွာများမှ လက်နက်ဖြင့်အလင်းဝင်သူများ ဆက်တိုက်ရှိနေကြောင်း နယ်မြေခံတပ်ရင်းများကိုကိုးကားပြီး ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

အလင်းဝင်ရောက်လာသူများကို လိုအပ်သည်များစစ်ဆေးမေးမြန်းပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကြို ဆိုဂုဏ်ပြုခြင်းနှင့် လက်နက်အပ်နှံလက်ခံခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။

စာတည်း။ ။စောဖေ