ရခိုင်ရှိ လက်နက်ချအညံ့မခံသည့် စစ်စခန်းတိုင်းကို တိုက်ခိုက်မည်ဟု AA ရာဇသံပေး

002

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီစခန်းများကို လက်နက်ချ အညံ့ခံရန် ‌ပြောကြားထားပြီး လက်နက်ချအညံ့မခံသည့် စစ်စခန်းတိုင်းကို တိုက်ခိုက်မည်ဟု AA က ထုတ်ပြန်သည်။

ဟိုင်ဂင်သဘောတူညီချက်‌ကြောင့် ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းမြောက်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသလောက် ဖြစ်နေချိန် ရခိုင်ဒေသတွင် ဆက်တိုက်ပြင်းထန်လာခဲ့သည်။

ရခိုင်ဒေသတိုက်ပွဲများတွင် စစ်ကောင်စ်ီက ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်များဖြင့် အသည်းအသန်ခုခံကာကွယ်သော်လည်း မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့များရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ စကခဌာနချုပ်၊ တပ်ရင်းဌာနချုပ်၊ ရဲတပ်ရင်း စခန်းများ၊ ရဲစခန်းများအားလုံးကို AA က သိမ်းပိုက်ထားသည်။

စစ်ကောင်စီက စခန်းများ ကျဆုံးပြီးသည့်နောက်တွင် တန်ပြန်ထိုး စစ် ဆင်တိုက်ခိုက်ရန် ကြိုးစားခဲ့သေးသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်ဟု AA က ထုတ်ပြန်သည်။

မြို့သုံးမြို့မှ စစ်ကောင်စီစခန်းများအားလုံးကို အပြီးသတ် သိမ်းပိုက်ရန် စတင်ထိုးစစ်ဆင်တိုက်ခိုက်သည့်ရက်မှ စခန်း သိမ်းပိုက်လိုက်သည့်အချိန်အထိ တလကျော်ကြာမြင့်ခဲ့‌ကြောင်း၊ စခန်းအများစုကို ထိုးစစ်မစတင်မီကပင် နှစ်ရှည်လများဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ခဲ့‌‌ကြောင်း၊ အချို့စခန်းများကို သိမ်းပိုက်ရန် ရက်အနည်းငယ်သာ ကြာမြင့်သော်လည်း အချို့စခန်းကြီးများကိုမူ ရက်သတ္တပတ် သုံးပတ်မှ လေးပတ်ကျော်အထိ အပြင်းအထန် တိုက်ခိုက်ခဲ့ရ‌ကြောင်း AA က ထုတ်ပြန်သည်။

လက်နက်ချအညံ့ခံရန် ပြောကြားထားသော စစ်စခန်းများအနေဖြင့် အချိန်မီ လက်နက်ချအညံ့ခံရန် ထပ်မံအသိပေးလိုက်ပြီး လက်နက်ချ အညံ့မခံသေးသော စခန်းတိုင်းကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်မည်ဟု AA က ထုတ်ပြန်သည်။

ရက္ခိုင်ဒေသအတွင်း ယခုတကြိမ်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း၌ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်း ခုခံစစ်ကို ဆင်နွှဲခဲ့သည်ဆိုသော်လည်း ကြည်းတပ်ထက် ရေတပ်နှင့် လေတပ်ကိုသာ ပိုမိုအားထားအသုံးပြုခဲ့သည်ကို တွေ့ရှိရသည်ဟု AA က သုံးသပ်သည်။