ပုလဲမြို့နယ် အိုင်ရောင်းကျေးရွာတွင် ပေါ့ဆမီးကြောင့် အိမ်ခြေ ၁၁၅ လုံး မီးလောင်ဆုံးရှုံး

လွှမ်းမိုး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အိုင်ရောင်းကျေးရွာတွင် ပေါ့ဆမီးကြောင့် အိမ်ခြေ ၁၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဧပြီ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးကြွင်းမီးကျန်မှတဆင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“မီးအကြွင်းအကျန်ကနေစပြီးလောင်တာ ဖြစ်ပါတယ်။ မီးကို သေအောင်မသတ်ဘဲ ပြီးစလွယ်လုပ်ကြတာ တွေကြောင့် ဖြစ်သွားတာပါ။ အိမ်ခြင်းကလည်း ကပ်လျက်တွေဆိုတော့ မီးက ဘယ်လိုမှမနိုင်ဘူးဖြစ်သွား တာ။ နောက်တခုက ရေကလည်း လုံလုံလောက်လောက်မရှိတော့ ဘယ်လိုမှ မထိမ်းနိုင်ဖြစ်သွားတာ ” ဟု ဒေသခံတဦးက ဆိုသည်။

အိုင်ရောင်းကျေးရွာသည် အိမ်ခြေ ၁၈၀ ခန့်ရှိပြီး ပုလဲ-ယင်းမာပင်မြို့နယ်အစပ်တွင်တည်ရှိကာ တောင် ယာလုပ်ငန်း အဓိကလုပ်ကိုင်ကြကာ မီးလောင်ကျွမ်းမှုကြောင့် ရိတ်သိမ်းထားသောသီးနှံများလည်း ဆုံးရှုံး ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဘေးရွာတွေက ရေတွေသယ်ပြီး ညလုံးပေါက် မီးသတ်ကြတယ်။ ရှင်းလင်းရေးတွေလည်း နိုင်သလောက် လုပ်နေရတယ်” ဟု သခင်ဒေါင်းညို (BNRA) တပ်ရင်းကဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ အိုင်ရောင်းကျေးရွာတွင် ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်ပြီး သခင်ဒေါင်းညို တပ်ဖွဲ့မှရဲဘော်များနှင့် ဒေသခံများပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ပြီးနောက် ရှင်းလင်းရေးများလုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ