ရေး-ထားဝယ်လမ်းပိုင်းတွင် ကုန်ကားပေါ်မှ ကျပ်သိန်း၉,၈၀၀ကျော် တန်ကြေးရှိ မူးယစ်ဆေးဝါးများPDF ဖမ်းမိ

ရေး-ထားဝယ်လမ်းပိုင်းမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းများအားတွေ့ရစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ ရန်ကုန်-ထားဝယ်ပြည်ထောင်စုလမ်း၊ ရေး-ထားဝယ်လမ်းပိုင်းတွင် ကုန်ကားတစီးပေါ်မှ ကာလတန်ဖိုး ကျပ် သိန်း ၉,၈၀၀ကျော်တန်ကြေးရှိ မူးယစ်ဆေးဝါးများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့သည်။

ရန်ကုန်မှထားဝယ်သို့ ကုန်ပစ္စည်းများ တင်ဆောင်လာသော ၁၂ ဘီးကုန်တင်ကားကို ဖေဖော်ဝါရီ ၉ ရက်နေ့တွင် တားဆီးစစ်ဆေးစဉ် ကုန်ပစ္စည်းများနှင့် အတူရောသယ်လာသည့် စိတ်ကြွဆေးပြား စုစုပေါင်း၂၈၂,၃၀၃ ပြားဖမ်းမိခဲ့သည်ဟု ဗထူးတပ်မတော် (BHA) က ဖေဖော်ဝါရီလ ၁၂ရက်တွင်ထုတ်ပြန်သည်။စိတ်ကြွဆေးပြားများ၏ တန်ကြေးသည် ကာလပေါက်ဈေးကျပ်သိန်း ၉,၈၀၀ ကျော်ရှိသည်ဟု ဆိုသည်။

” ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် နှစ်ဦးကိုတော့ ကျွန်တော်တို့ လက်ရှိ စစ်ဆေးဖမ်းဆီးထားပါတယ်။အရေးယူမှု အပိုင်းကတော့ လက်တလောမှာ ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး”ဟု ဗထူးတပ်မတော် (BHA) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံရဲဘော် ထက်မြတ်ကပြောသည်။

ဖမ်းဆီးခဲ့သည့် ကုန်ပစ္စည်းများ၊ ကုန်ကားနှင့် ဆက်စပ်ပစ္စည်းများကို မူးယစ်ဆေးဝါးများနှင့်အတူ မီးရှို့ဖျက်ဆီးလိုက်ကြောင်း ၎င်းက ပြောသည်။

ယခု မူးယစ်ဆေး‌ဝါးဖမ်းဆီးမှုကို ဗထူးတပ်မတော် (BHA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-ထားဝယ်ပြည်ထောင်စုလမ်းပိုင်းမှ တနင်္သာရီတိုင်းအတွင်းလမ်းပိုင်းများကို လုံခြုံရေးအရစစ်ဆေးမှုများပြုလုပ်နေ၍ ခရီးသည်များနှင့် ယာဉ်မောင်းများ ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြရန်၊ စစ်ကောင်စီကားများနှင့် နီးနီးကပ်ကပ်မနေကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

စာတည်း – အေးချမ်း