ပြင်စည် အမြန်လမ်း ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်၊ရဲ ၂ဦးသေ

008

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊ပြင်စည်ကျေးရွာ၊အမြန်လမ်းရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက ယနေ့ ဖေဖော်ဝါရီ ၁၃ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင် ၁၀ဦးရှိသည့် ပြင်စည်‌‌ေကျးရွာ အမြန်လမ်းရဲစခန်းကို ဖေဖော်ဝါရီ ၁၁ရက်၊မွန်းလွဲ ၂နာရီခန့်တွင် Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက ဒရုန်းဖြင့် ဗုံးသီး နှစ်လုံးချတိုက်ခဲ့ခြင်းဖြစ်သည်။

“အဲဒီ ပြင်စည်ကျေးရွာ အမြန်လမ်းရဲစခန်းမှာ တပ်စွဲအထိုင်ချပြီး ဒေသခံလမ်းသွား လမ်းလာပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်နေတဲ့အတွက် ကျွန်တော်တို့ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက ဒရုန်းနဲ့ ဗုံးသီး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာ နှစ်ကောင်သေဆုံးခဲ့တယ်”ဟုNatogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူကပြောသည်။

တိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို နယ်ခံ ပရဟိတအသင်းပိုင် ကားတစီးဖြင့် နွားထိုးကြီးဆေးရုံကို ပို့ခဲ့ကြောင်းသိရသည်။

“အသင်းနာမည်‌ေတာ့ ထည့်ပြောလို့တော့မကောင်းဘူးဗျ။ရဲ နှစ်ဦးသေတာကိုတော့ အတည်ပြုတယ်ဗျာ။အရာရှိထဲကတော့ မဟုတ်ဘူး။တပ်သားပဲဖြစ်ဖို့များတယ်။ဘာဖြစ်လို့လည်းဆိုတော့ အဲစခန်း အကြီးဆုံး တပွင့်ကောင်နဲ့ သုံးရစ်ကောင်ကို အခုမနက်မြင်ခဲ့သေးတယ်”ဟု ပြင်စည်ရွာသားတဦးကပြောသည်။

အဆိုပါ ပြင်စည် အမြန်လမ်းရဲစခန်းရှိ တပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများကို တားဆီးကာဖမ်းဆီးငွေညှစ်ခြင်း၊ပြင်စည်ကျေးရွာ အနီးဝန်ကျင်ရှိ ဒေသခံများ ဖြတ်သန်သွားလာသည်ကိုလည်း မသင်္ကာဟုဆိုကာ ဖမ်းဆီးရိုက်နှက်ခြင်းများလည်း ပြုလုပ်ကြောင်း ဒေသခံတဦးကဆိုသည်။

ယနေ့ နံနက် ၈နာရီခန့်တွင် ပြင်စည်ရဲစခန်းအတွင်းသို့ ရဲကား တစီးဖြင့် ရဲ ၁၀ဦး လာချအင်အားဖြည့်သွားကြောင်း မျက်မြင်တွေ့သည့် ဒေသခံတဦးကဆိုသည်။

Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းအနေဖြင့် ယင်းရဲစခန်းတိုက်ခိုက်ပြီးနောက် မွန်းလွဲ ၃နာရီခန့်တွင်လည်း နွားထိုးကြီးမြို့နယ်၊ ကြာပင်အိုင်ကျေးရွာ အနီးရှိ MYTEL တာဝါတိုင်ကိုလည်း မိုင်းခွဲ ဖျက်ဆီးခဲ့သေးကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး