တမူးမြို့နယ် ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၈ ဦး ရှိလာ

ဗုံးဒဏ်ကြောင့်ပျက်စီးသွားသည့်အဆောက်အဦးများ (ဓါတ်ပုံ - CJ)

ပုံအညွှန်း – ဗုံးဒဏ်ကြောင့်ပျက်စီးသွားသည့်အဆောက်အဦးများ (ဓါတ်ပုံ – CJ)

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့အနီးရှိ ကနန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ သေဆုံးသူအရေအတွက်တိုးလာပြီး ဇန်နဝါရီလ ၇ ရက် ညနေ ၅ နာရီတွင် ၁၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ကနန်စံပြကျေးရွာ အမှတ်(၅)ရပ်ကွက်ကို ယနေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်က စစ်ကောင်စီတပ်မှ A-5 အမျိုးအစားတိုက်လေယာဉ်ဖြင့် ဗုံးလေးလုံးချ တိုက်ခိုက်ခဲ့၍ အရပ်သားများသေဆုံးခဲ့ခြင်း ဖြစ်သည်။

ကနဦးသတင်းများတွင် ကလေးငယ်များအပါအဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသော်လည်း ညနေပိုင်း၌ ရရှိသော သတင်းများတွင် သေဆုံးသူအရေအတွက် တိုးလာခြင်းဖြစ်သည်။

“ပထမကြဲတာက အထကကျောင်းနားမှာပါ။ အဲဒီအချိန်မှာ အနီးနားက ဘုရားကျောင်းတက်နေတဲ့သူ တွေ ဗုံးသံကြားလို့ ထွက်ပြေးကြတာ။ အဲဒီအချိန်မှာ ဒုတိယအကြိမ် ထပ်ကြဲတော့ အများကြီးထိသွားကြ တာ” ဟု တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေးက မဇ္စျိမ ကိုပြောသည်။

အထက်တန်းကျောင်းဝန်းအတွင်း၌ ဘောလုံးကန်နေသောကလေးများ၊ ဘုရားကျောင်းမှထွက်လာသူများ နှင့် အနီးနားရှိ နေအိမ်လေးလုံးမှ မိသားစုအလိုက် ထိခိုက်မှုများရှိကြောင်း ဆိုသည်။

အဆိုပါ ဗုံးကြဲမှုကြောင့် ကလေးငါးဦး၊ အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားငါးဦး၊ ကျား/မအတည်ပြုရန် လိုအပ်ဆဲ နှစ်ဦး၊ စုစုပေါင်း ၁၈ ဦး သေဆုံးပြီး ဒဏ်ရာရသူအရေအတွက် အတိအကျမသိရသေးကြောင်း နှင့် သေဆုံးသူ ဆက်လက်တိုးလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

ဗုံးကြဲမှုနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းဆင်းပွဲကို သတင်းရရှိသဖြင့် စစ်ကောင်စီ တပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

“အခုလိုဗုံးကြဲတာက စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ပြစ်မှု၊ ဆိုးရွားတဲ့လူအခွင့်အရေး ချိုးဖောက်မှုမြောက်ပါတယ်” ဟု ဥပဒေပညာရှင်တစ်ဦး ကပြောသည်။

နိုင်ငံတကာတရားစီရင်ပိုင်ခွင့်(Universal Jurisdiction)အရ အခြားနိုင်ငံများမှတဆင့် အမှုစွဲတင်နိုင်ပြီး ပစ္စည်းသက်သေ၊ လူသက်သေမှတ်တမ်းများ စုဆောင်းထားရန်လိုအပ်ကြောင်း အဆိုပါ ဥပဒေပညာရှင်က ပြောကြားသည်။

တမူးမြို့နယ် ခါမ်းပါတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေး ဖော် ဆောင်နေချိန်တွင် ခါမ်းပါတ်မြို့နှင့်ကပ်လျက်ရှိသည့် ကနန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ လအထိ ကောက်ယူထားသည့် အချက်အလက်များအရ အရပ်သားငါးဦးနှင့်အထက် သတ်ဖြတ်ခံရသော ဖြစ်စဉ် ၈၆ ခုရှိခဲ့ပြီး စစ်ကိုင်းတိုင်းတွင်အများဆုံးဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်များအနက် ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် လေကြောင်းမှတိုက် ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၅၇ ဦးသေဆုံးခဲ့ကြောင်း ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ထားသော စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုအချက်အလက်များ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စာတည်း။ ။စောဖေ