အောင်မင်္ဂလာအဝေးပြေး စစ်တပ်ဂိတ်များတွင် လုံခြုံရေးယူပေးရန် ဆိုင်ကယ်အငှားယာဉ်‌မောင်းများကို စာရင်းကောက်ဟုဆို

မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားကွင်းရှိ စစ်တပ်ဂိတ်များတွင် လုံခြုံရေးရယူပေးရန် အနီးအနားရှိ ဆိုင်ကယ်အငှားယာဉ်‌မောင်းများကို စာရင်းကောက်နေသည်ဟု သိရသည်။

‘’ကျွန်တော်တို့အဝေးပြေးအနီးမှာရှိတဲ့ ဆိုင်ကယ်သမားတွေကော၊ဘေးတွဲကယ်ရီသမားတွေကိုကော “မင်းတို့တွေ အလှည့်ကျ တညကို တဂိတ်မှာ သုံးဦး တာဝန်ယူပြီး လုံခြုံရေးယူပေးရမယ်”ဆိုပြီး ပြောတယ်။ ဘယ်တော့စမလဲတော့ မသိဘူး။ စာရင်းတွေတော့ ယူသွားတယ်။သဘောကတော့ ငါတို့ဂိတ်နားမှာ ပစ်တာခတ်တာဖြစ်ရင် မင်းတို့ရှင်းဆိုတဲ့ သဘောပဲပေါ့။ သူတို့လုံခြုံရေးဂိတ်တွေကို လာပစ်တဲ့သူတွေကလည်း ဆိုင်ကယ်တွေနဲ့ လာလာပစ်ကြတာလေ’’ဟု ဆိုင်ကယ်အငှားယာဉ်မောင်းတဦးက ပြောသည်။

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားကွင်းအတွင်း၌ စည်ပင်ရဲစခန်း၊နယ်မြေခံရဲစခန်းနှင့် တပ်ရင်းဂိတ်များ ရှိနေပြီး အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားကွင်း အရှေ့တွင်လည်း စစ်ကြောရေးတပ်ရင်းရှိနေသည်ဟု ဆိုသည်။

အောင်မင်္ဂလာအဝေးပြေးဂိတ် အနီးတဝိုက်နှင့် Terminal M အနီးတွင် ဆိုင်ကယ် အငှားယာဉ် မောင်းနှင်သူများနှင့် ၊ ဘေးတွဲအငှားယာဉ် မောင်းနှင်သူများက စည်ပင်ရဲနှင့် စစ်ကောင်စီတပ်ကို လိုင်းကြေးအဖြစ် တလလျှင် ၅၀၀၀ကျပ် ပေးဆောင်နေရသော်လည်း အဖမ်းအဆီးများရှိပါက လိုင်းကြေးပေးဆောင်ထားသူများပါ ဖမ်းဆီးခံနေရသည်ဟု သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ