စီးရီးအေမှာ အသင်း ၂၀ ဆက်ထားဖို့ အီတလီကလပ်များ မဲခွဲဆုံးဖြတ်

By PK Thawn

လိဂ်ပြိုင်ပွဲမှာ အသင်းအရေအတွက် လျှော့ချပြီး ၁၈ သင်းသာ ထားရှိရေး အဆိုပြုချက်ကို လက်ရှိအသင်း ၁၆ သင်းက ကန့်ကွက်မဲပေးခဲ့အပြီးမှာ စီးရီးအေဟာ အသင်း ၂၀ ဖြင့် ဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

မီလန်မှာ ပြုလုပ်တဲ့ ရှယ်ယာရှင်များ အစည်းအဝေးမှာ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ အေစီမီလန်နဲ့ ရိုးမားတို့ကသာ အီတလီထိပ်သီးအသင်းများ အရေအတွက် လျှော့ချဖို့ အဆိုပြုချက်ကို မဲပေးခဲ့ကြာတာပါ။

၂၀၀၄-၀၅ ရာသီမှာ အသင်း ၂၀ ပါ လက်ရှိပုံစံကို မိတ်ဆက်ခဲ့တာပါ။

အီတလီလိဂ်ဟာ အင်္ဂလန်က ပရီးမီးယားလိဂ်လို ကိုယ်ပိုင်ထိန်းချုပ်မှုနဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်အာဏာပိုမိုရရှိဖို့ ကြိုးပမ်းနေတာကြောင့် ပြုပြင်ပြောင်းလဲရေးအဆိုပြုချက်တရပ်ကိုလည်း အတည်ပြုခဲ့ပါတယ်။

အဆိုပါ ပြုပြင်ပြောင်းလဲမှုများအဆိုပြုချက်ကို မတ်လမှာ ကျင်းပမယ့် အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ရဲ့ အထူး အထွေထွေညီလာခံမှာ တင်ပြမှာဖြစ်ပါတယ်။

“လက်ရှိ စနစ်က စီးပွားရေး အရေးပါမှုနဲ့စပ်လျဉ်းပြီး စီးရီးအေမှာ ရှိသင့်တဲ့ ကိုယ်ပိုင်ထိန်းချုပ်ခွင့်နဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့် သြဇာအာဏာကို ပေးမနေပါဘူး။”လို့ စီးရီးအေဥက္ကဋ္ဌ လိုရန်ဇို ကာစီနီက ပြောပါတယ်။

(BBC)