ကောလင်းတိုက်ပွဲဆက်ဖြစ်နေပြီး မြို့ကို စစ်ကောင်စီပြန်လည်ထိန်းချုပ်သည့်သတင်း မမှန်ဟု NUG ပြော

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့ ကောလင်းမြို့ပေါ်မြင်ကွင်း။

ရွှေနွယ်

စစ်ကိုင်းတိုင်း၊ကောလင်းမြို့တွင်တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီမှ မြို့ဧရိယာအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်သည်မှာ မဟုတ်မှန်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်ကပြောသည်။

” အချို့နေရာတွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက် စီးမိနေတာတွေရှိသလို အချို့သောနေရာတွေ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းထားဆဲဖြစ်ပါတယ်။ တိုက်ပွဲက ဆက်ဖြစ်နေဆဲပါဗျ။ မြို့တမြို့လုံးကို အကြမ်းဖက်စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတာတော့ မဟုတ်ပါဘူး” ဟု ဦးနေဘုန်းလတ်က ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပြောသည်။

ကောလင်းဒေသတွင်း သတင်းများကို ဖော်ပြလျက်ရှိသည့် Kawlin Revolution -KR လူမှုကွန်ရက်စာမျက်နှာတွင် “ကောလင်းမြို့၏ အဓိကကျသော နေရာများအား စစ်ကောင်စီမှ အပြည့်အဝထိန်းချုပ်ထားပြီးဖြစ်ပြီး တိုက်ပွဲများ လတ်တလော ခတ္တငြိမ်သက်နေကြောင်း သတင်းရရှိထားပါတယ်” ဟု ယနေ့နံနက်ပိုင်းတွင် ရေးသားဖော်ပြထားသည်။

ဦးနေဘုန်းလတ်ကမူ တိုက်ပွဲဖြစ်ပွားနေဆဲကာလဖြစ်သည့်အတွက် စစ်ကောင်စီထိန်းချုပ်နိုင်သည့် နေရာများကို အတိအကျပြောဆို၍ မရသော်လည်း တော်လှန်ရေးအင်အားစုများဘက်မှ စစ်နည်းဗျူဟာဖြင့် အစွမ်းကုန်ကြိုးစားလျက်ရှိသည်ဟု ဆိုသည်။

ယနေ့‌ မွန်းလွဲ ၂နာရီခန့်အခြေအနေကို မြေပြင်ကာကွယ်ရေးရဲဘော်များထံ ဆက်သွယ်မေးမြန်းရာ ကောလင်းမြို့ပေါ်ရပ်ကွက်ရှစ်ခုအနက် ‌ခြောက်ခုတွင် စစ်ကောင်စီစစ်ကြောင်းများဝင်ရောက်နေသည်ဟု သိရသည်။ ရပ်ကွက်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားဆဲဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့မှစတင်ကာ NUG ထိန်းချုပ်ထားသည့် ကောလင်းမြို့သို့ စစ်ကောင်စီမှ မြို့၏ တောင်ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်တို့မှ စစ်ကြောင်းများဖြန့်ခွဲကာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ ယနေ့သည် တိုက်ပွဲ၁၃ရက်မြောက်ဖြစ်သည်။ ယမန်နေ့က ကောလင်းမြို့ပေါ်တွင် တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။ ယမန်နေ့ မြို့ပေါ်တိုက်ပွဲအတွင်း မြို့တွင်းရပ်ကွက်အချို့မှ ပြည်သူပိုင်နေအိမ်များကို စစ်ကောင်စီတပ်ဘက်မှ မီးရှို့ဖျက်ဆီးမှုရှိခဲ့သည်ဟုလည်း Kawlin Info လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ မည်မျှ ပျက်စီးဆုံးရှုံးမှုရှိသည်ကိုမူ ဖော်ပြထားခြင်းမရှိသေးပေ။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိသည်ဟု သတင်းရရှိသော်လည်း အရေအတွက်ကိုအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီကို ထောက်ခံရေးသားလျက်ရှိသည့် တယ်လီဂရမ်ချန်နယ်အချို့တွင် ကောလင်းမြို့ကိုစစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားကြောင်း ယနေ့ နံနက်ပိုင်းတွင် ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။

ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁) စစ်ဒေသခွဲ၏ စီမံကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များရ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီလက်မှ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ စစ်ကောင်စီကပြန်လည်ထိန်းချုပ်ရန် မြေပြင်စစ်ကြောင်းများ၊ လေကြောင်းနှင့်လက်နက်ကြီးများအသုံးပြု၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဒေသခံများသည်စစ်ဘေးတိမ်းရှောင်နေရပြီး အချိန်မီမတိမ်းရှောင်နိုင်ခဲ့သည့် မြို့ပေါ်ရပ်ကွက်မှဒေသခံအချို့သည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

စာတည်း – အေးချမ်း